နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွဲရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ကြေးနီထုတ်လုပ်ရေး စီမံကိန်းမှာ ယခင် နအဖ အစိုးရလက်ထက်က “နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝ သယံဇာတ ထုတ်ယူမှု နည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် နိုင်ငံတကာ
ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍” ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် “နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အခြေခံ၍” စနစ်တကျ တွက်ချက် ဆောင်ရွက်ခဲ့ခြင်း လည်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ထိုစီမံကိန်းအား ဆန္ဒပြ သပိတ်မှောက်မှုများနှင့် ပတ်သက်၍မူ “ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိနေသည်ကို မျက်ကွယ်ပြု၍ လူအများအား စည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်” ဟု မှတ်ချက်ချထားသည်။
ထို့ကြောင့် သပိတ်စခန်းများနှင့် ဆန္ဒပြသူများ လူစုခွဲရန် ပြည်ထဲရေးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတိပေး ခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ ကြာသပတေးနေ့တွင် ရဲတပ်ဖွဲ့က “မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံး များကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကျွံ သုံးစွဲဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း” သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ဖြင့် ကြေညာလိုက်သည်။










