ဟောင်ကောင်ရုပ်ရှင်လောက၏ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင် ကွယ်လွန်

ဟောင်ကောင်ရုပ်ရှင်လောက၏ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင် ကွယ်လွန်

နိုဝင်ဘာ ၃ ။           ။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းမီဒီယာတွေက ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရေမွန်ချောင်ဟာ ကွန်ဖူးသိုင်းပညာရှင် နာမည်ကြီးသရုပ်ဆောင် ဘရုစ်လီကို ဟောင်ကောင်သရုပ်ဆောင် လောကရဲ့ ကြယ်ပွင့်တစ်ပွင့်အဖြစ် မွေးထုတ်ပေးခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူပဲဖြစ်ပါတယ်။

ဘရုစ်လီနဲ့ ရေမွန်ချောင်တို့ ပထမဆုံးရိုက်ကူးခဲ့တဲ့ The Big Boss ကွန်ဖူးသိုင်းရုပ်ရှင်ကားဟာ ရုံတင်တင်ချင်းမှာပဲ ကြည့်ရှုသူထောင်ချီရှိခဲ့ပြီး ဝင်ငွေများစွာရရှိခဲ့သလို ဘရုစ်လီဟာလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

ရေမွန်ချောင်ဟာ ၎င်းရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးသက်တမ်းတစ်လျှောက်မှာ ဇာတ်ကားပေါင်း ၁၇၀ ကျော်ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။

ရေမွန်ချောင်နဲ့ ဂျက်ကီချန်းတို့ ၁၉၈၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Young Master ဇာတ်ကားဟာ အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ရေမွန်ချောင်ဟာ အာရှရုပ်ရှင်ဆုပေးပွဲမှာ ဘဝတစ်သက်တာအောင်မြင်မှုဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

 ဘရုစ်လီရဲ့ သမီးစီမံနေတဲ့ ဘရုစ်လီရဲ့ တွစ်တာစာမျက်နှာမှာ “ဘရုစ်လီလေးကို အခွင့်အရေးပေးပြီး သူ့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်အောင် လုပ်ပေးခဲ့တဲ့ ရေမွန့်ကို ကျေးဇူးတင်ပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ။ ရေမွန်။”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Mizzima Weekly