ကျပ်သိန်းတစ်သောင်းပေါက်သော်လည်း လေထိုးကျွတ်ဖာအလုပ် ဆက်လုပ်မည်

ကျပ်သိန်းတစ်သောင်းပေါက်သော်လည်း လေထိုးကျွတ်ဖာအလုပ် ဆက်လုပ်မည်

နိုဝင်ဘာ ၂ ။ ။ အောင်ဘာလေသိန်းဆုထီ ကျပ်သိန်း တစ်သောင်းဆုကို ဆွတ်ခူးခဲ့သော်လည်း ယခင်က လုပ်ကိုင်ခဲ့သည့် လေထိုးကျွတ်ဖာ စက်ဘီးပြင်သည့်အလုပ်ကို ဆက်လက်လုပ်ကိုင်သွားမည်ဟု ကံထူးရှင်ဇနီးမောင်နှံက မဇ္စျိမသို့ ပြောသည်။

အကြိမ်၂၀ မြောက် အောင်ဘာလေထီသိန်းဆုထီဖွင့်ပွဲတွင် ကျပ် သိန်းတစ်သောင်းထီဆုကို ပဲခူးမြို့မှ လေထိုးကျွတ်ဖာ စက်ဘီးပြင်လုပ်ငန်း လုပ်ကိုင်ကြသည့် ဦးစိန်ထွန်းနှင့် ဒေါ်ဒေါင်းတို့ ဇနီးမောင်နှံက ဆွတ်ခူးရရှိခဲ့သည်။

"အရင်ကတော့ လင်မယားနှစ်ယောက်တည်းဘဲ စက်ဘီးပြင်စားတယ်။ အခုက ထီပေါက်ပေမဲ့ ဒီအလုပ်ကို ဆက်လုပ်မှာတဲ့၊ သူက အလှူအတန်းလုပ်တဲ့အခါ ကိုယ့်ရဲ့ ချွေးနည်းစာလေးပါအောင်တဲ့" ဟု ဒေါ်ဒေါင်းက ပြောသည်။

ရရှိသော ဆုကြေးငွေကို သားသမီးသုံးယောက်အတွက် ကျပ်သိန်းတစ်ထောင်စီ ခွဲဝေပေးကာ ရပ်ကွက်ရှိ မိတ်ဆွေများကို ဘုရားဖူးပို့ပေးခြင်း၊ ရှင်ပြုရဟန်းခံပေးခြင်းတို့ကို ပြုလုပ်သွားမည် ဟု ဇနီးမောင်နှံက ပြောသည်။

"ထီကို ထိုးခဲ့တာက၂ ကျပ် ခေတ်တည်းက ထိုးလာတာ သုံးစောင် သုံးစောင်အမြဲထိုးတယ်။ ဟို ၂ ကျပ် ခေတ်တည်းက ခုချိန်ထိပဲ၊ ထီပေါက်ဖို့ မမျှော်လင့််ခဲ့ပါဘူး၊ ဒါကံတရားပဲ ဆိုပြီးတော့ ပေါက်ရင်လည်း သုံးတာပေါ့ မပေါက်ရင်လည်းနေပေါ့၊ ဆုမဲ သဘောမျိုး ထိုးထားတာ၊ တစ်နေ့ကံကောင်းရင် ပေါက်မယ်ဆိုပြီးတော့ပေါ့။" ဟု ဦးစိန်ထွန်းက မဇ္စျိမသို့ ပြောသည်။

အောင်ဘာလေထီဆုမဲကို ယခုအကြိမ်(၂၀)မြောက်တွင် ဆုမဲအရေတွက် ၁၂၄၂၁၄ ထိ တိုးပေးခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် (၁၉) ကြိမ်မြောက်တွင် ဆုမဲပေါင်း ၁၂၄၂၀၅ သာ ရှိခဲ့သည်။

Mizzima Weekly