ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ
 Photo - UEC

ရန်ကုန်၊ နိုဝင်ဘာ ၂ ။                  ။ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) တည်ထောင်ခွင့်ကို တရားဝင်ခွင့်ပြုမည်ဖြစ်ရာ ၇ ရက်အတွင်း ကန့်ကွက်လိုကကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ရွှေဘန်းလမ်း၊ ရဘ-၁ တွင် ပါတီရုံးချုပ်တည်ရှိသော  ရခိုင့် ဦးဆောင်ပါတီ [Arakan Front Party (AFP)] က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ   ပုဒ်မ  ၅  အရ   နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၃၁-၁၀-၂၀၁၈ ရက်နေ့တွင် လျှောက်ထားလာခဲ့ ခြင်းဖြစ်ကြောင်း UEC မှထုတ်ပြန်သည်။

လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာခဲ့ကြောင်းသိရသည်။

ထို့ကြောင့် အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုကယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက် နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာကြောင်း UEC မှရေးသားထားသည်။

အဆိုပါ ပါတီကို ဒေါက်တာအေးမောင်နှင့် သားဖြစ်သူ ဦးတင်မောင်ဝင်းတို့က ဦးဆောင်လာမည် ဖြစ်ကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်းသိရသည်။

ရခိုင့်ဦးဆောင်ပါတီမှာ ယခင်က အဖရခိုင်ပါတီအမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ရာ ကော်မရှင်က ခွင့်မပြုခဲ့ဘဲ ် ရခိုင့်ဦးဆောင်ပါတီ အမည်သစ်ဖြင့် လျှောက်ခဲ့သောကြောင့် ပါတီတည်ထောင်ခွင့် ရရှိလာခြင်းလည်းဖြစ်သည်။

 

 

Mizzima Weekly