တနင်္သာရီ- မောတောင်နယ်စပ်လမ်း ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်း

တနင်္သာရီ- မောတောင်နယ်စပ်လမ်း ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်း
မြန်မာ- ထိုင်း နယ်စပ်လမ်း တနင်္သာရီ- မောတောင်လမ်းပိုင်းကို တွေ့မြင်ရစဉ်။

တနင်္သာရီ၊ နိုဝင်ဘာ ၂ ။          ။ ထိုင်းဘက်နှင့် ကုန်စည်ကူးသန်းပို့ဆောင်ရေးအတွက် အဓိက ရည်ရွယ်သည့် မြန်မာ- ထိုင်း နယ်စပ်လမ်း တနင်္သာရီ- မောတောင်လမ်းပိုင်းကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးခင်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်မှ BOT စနစ်ဖြင့် တနင်္သာရီ- မောတောင် နယ်စပ်လမ်းကို တာဝန်ယူ လမ်းခင်းနေခြင်းဖြစ်ပြီး လက်ရှိ ၇၀ % နှုန်းခန့် ပြီးစီးနေကာ ဒီဇင်ဘာလကုန်တွင် အချောသတ် ပြီးနိုင်မည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။

“ မြိတ်ကုန်သည်ကြီးများအသင်းအနေနဲ့ ထိုင်း- မြန်မာ စီးပွားရေးဆွေးနွေးပွဲတွေမှာ တက်ရောက်ဆွေးနွေးတဲ့ အခါမှာ Dan Sing Khon နယ်စပ်ဂိတ်ကို ဘယ်တောလောက် ဖွင့်လှစ်ပေးနိုင်မလဲလို့ ကျွန်တော်တို့ဘက်က မေးတဲ့အခါမှာ ထိုင်းနိုင်ငံဘက်မှလည်း တာဝန်ရှိသူတွေက တနင်္သာရီ- မောတောင်လမ်းပိုင်းကို မြိတ်အများပိုင် က ဆောက်ရွက်နေတာ ဘယ်ချိန် ပြီးမလဲဆိုတာ ပြန်မေးခံရတဲ့အခါလည်း ရှိပါတယ်၊ ကျွန်တော်တို့ကလည်း ယခုနှစ်ကုန်မှာ ပြီးမယ်လို့ ဖြေကြားခဲ့တယ်”ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ဦးလှသန်းက ထိုင်း- မြန်မာ နှစ်နိုင်ငံ စီးပွားရေး ဆွေးနွေးပွဲတစ်ခုတွင် ပြောခဲ့သည်။

အဆိုပါ နယ်စပ်လမ်း တနင်္သာရီ- ထုံခါ- သဲဖြူ- မောတောင်လမ်းပိုင်းသည် အရှည်မှာ ၆၉ မိုင် ၃ ဖာလုံရှိပြီး၊ တနင်္သာရီ- ထုံခါ လမ်းပိုင်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ၁၄/ ၇ မိုင်ကို ခင်းခဲ့ပြီး၊  ကျန်လမ်းပိုင်းကို ကုမ္ပဏီအနေဖြင့် ထုံခါ- သဲဖြူ- မောတောင် လမ်းပိုင်းကို ၅၄/ ၄ မိုင်ကို ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြိတ်ခရိုင် လမ်းဦးစီးဌာန၏ အင်ဂျင်နီယာများဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ထုံခါ- သဲဖြူ- မောတောင် လမ်းပိုင်း အရှည်ကို ပြန်လည် တိုင်းတာခဲ့ရာ ၅၄/ ၄ မိုင် အစား ၄၈/ ၂ မိုင်သာ ရှိသည်ဟု သိရသည်။ ယင်းလမ်းပိုင်းသည် မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်းကို ဆောင််ရွက်သွားမည် ဖြစ်သည်။

မြိတ်ခရိုင်အတွင်း တနင်္သာရီမြို့နယ်တွင် မောတောင်မြို့နယ်စပ်ဂိတ်အထိ မြိတ်မှ မိုင် ၁၂၀ ခန့် ကွာဝေးသည်။

မြန်မာ- ထိုင်း နယ်စပ် ဂိတ်သည်၊ ထိုင်းဘက်မှ တရားဝင် ဖွင့်လှစ်ပေးနိုင်ပါက မြိတ်ဒေသ၏ အဓိကလုပ်ငန်း ဖြစ်သည့် ရေထွက်ပစ္စည်း ငါး၊ ပုဇွန်တို့ကို လက်ရှိရောင်းချနေရသော ရနောင်းစျေးကွက်အစား စျေးကောင်း ရရှိသော ထိုင်းနိုင်ငံ၊ မဟာချိုင်ငါးစျေးကွက်သို့ တင်ပို့ရောင်းချနိုင်မည့်အပြင် ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကာ ဒေသခံများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက် လာမည်ဟု ခန့်မှန်းရသည်။

တနင်္သာရီ- မောတောင် လမ်းမကြီးသာ ဖောက်လုပ် ပြီးစီးသွားပါက မြိတ်မြို့မှ ဘန်ကောက်၊ မဟာချိုင် ငါးစျေးကြီးသို့ အချိန် ၇ နာရီအတွင်း ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်မည် ဖြစ်ပြီး၊ ရေထွက်ပစ္စည်းအပြင်် အခြားဒေသထွက်ကုန်များကိုလည်း မောတောင်နယ်စပ်ဂိတ်မှ တဆင့် တဖက်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။

မောတောင် နယ်စပ်ဂိတ်မှ တဆင့် နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လာခြင်းအားဖြင့် မြိတ်ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းများလည်း ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဒေသခံလုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

မောတောင်နယ်စပ်စခန်းကို မြန်မာဘက်မှ ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ရာ ထိုင်းဘက်ကမူ ပရာကျွတ်မြို့ရှိ ဆင်ခွန်းဂိတ်ကို ၂၀၁၅ ခုနှစ် မေလ ၂၃ ရက်နေ့မှစပြီး ယာယီ နယ်စပ်ဂိတ်မှ အထူးယာယီနယ်စပ်ဂိတ်အဖြစ်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

Mizzima Weekly