အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး တွေ့ရှိသည့်အချက်များကို အီးယူမှ စိစစ်သုံးသပ်မည်

အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး တွေ့ရှိသည့်အချက်များကို အီးယူမှ စိစစ်သုံးသပ်မည်
အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကို နိုဝင်ဘာလ ၁ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-ရဲအောင်သူ၊ AFP

ရန်ကုန်၊ နိုဝင်ဘာ ၁ ။             ။ မြန်မာနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ဖယ်ရှားသင့်၊ မသင့်ကို မစ်ရှင်အဖွဲ့၏ ရှာဖွေတွေ့ရှိသောအချက်အလက်များကို ပြန်လည်တင်ပြပြီး စိစစ်သုံးသပ်သွားမည်ဖြစ်သည်ဟု အီးယူမှ အောက်တိုဘာလ ၃၁ ရက် ရက်စွဲဖြင့် ဘရပ်ဆဲလ်မှ ထုတ်ပြန်လိုက်သည်။ 

အီးယူမှ စောင့်ကြည့်လေ့လာရေးမစ်ရှင်အဖွဲ့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ လာရောက်ခဲ့ပြီး အထူးသဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် အလုပ်သမားအခွင့်အရေးများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည် ဆိုသည်နှင့်စပ်လျဉ်း၍ လာရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းအဖွဲ့သည် အောက်တိုဘာလ ၂၉ ရက် က ရန်ကုန်မြို့တွင် အလုပ်သမား အဖွဲ့အစည်း၊ အလုပ်ရှင် အဖွဲ့ အစည်းများနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာလ ၃၀ တွင် သက်ဆိုင်ရာဝန်ကြီးဌာနအချို့၊ ILO မှ အဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ အောက်တိုဘာလ ၃၁ ရက်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံအနေဖြင့် အဆိုပါကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းများမှ ပျက်ကွက်ခဲ့လျှင်၊ကုန်သွယ်မှုဦးစားပေးအစီအစဉ်(လက်နက်ခဲယမ်းမီးကျောက်များမှအပအရာအားလုံး အစီအစဉ် Everything But Arms(EBA) ) မှ ပြန်လည်ရုပ်သိမ်းရန် ဖြစ်နိုင်ချေမှာ ရှင်းလင်းသိသာနေပါသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ရဲ့ စောင့်ကြည့်လေ့လာရေးမစ်ရှင်ခရီးစဉ်အတွင်း အထူးမီးမောင်းထိုးဖော်ပြထားတဲ့အားနည်းချက်များကို မြန်မာနိုင်ငံအနေနဲ့ ဖြေရှင်းဆောင်ရွက်သွားရန် ကျွန်တော်တို့ အခု မျှော်လင့်နေပါတယ်။ သူတို့အနေနဲ့ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ဘူးဆိုရင်၊ မြန်မာအာဏာပိုင်များဟာ သူတို့ရဲ့နိုင်ငံကို ဥရောပသမဂ္ဂစျေးကွက်သို့ သွင်းကုန်အပေါ် အခွန်စည်းကြပ်ကောက်ခံမှုကင်းလွတ်ခွင့် ပြုထားတဲ့ အနေအထားကို အန္တရာယ်ကျရောက်စေဖို့ လုပ်ဆောင်သလို ဖြစ်နေပါလိမ့်မယ်” ဟု ကုန်သွယ်မှုဆိုင်ရာ တာဝန်ခံ EU Commissioner Cecilia Malmström က ပြောသည်။

ယခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂမှ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်(UN Independent International Fact-Finding Mission) အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများရှိခဲ့သည်ဟု ဖော်ပြခဲ့မှုအပေါ် အီးယူမှ လာရောက် စစ်ဆေးခြင်းလည်းဖြစ်သည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာရေးအတွက် အီးယူသည် ၂၀၁၃ ၌  ပို့ကုန်များကို ကုန်သွယ်ခွန် ကောက်ခံခြင်းကနေ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်ပြီး လက်နက်ခဲယမ်း မီးကျောက်များမှအပ အရာအားလုံး အစီအစဉ် Everything But Arms(EBA) မှ တဆင့် ဥရောပစျေးကွက်သို့အခွန်ကင်းလွတ်ခွင့်၊ (Duty-free)၊ ခွဲတမ်းအခမဲ့ ( Quota-free) ပေးထားသော အစီအစဉ် ဖြစ်သည်။ အဆိုပါအစီအစဉ်ကြောင့် ဥရောပမှ အထည်ချုပ်လုပ်ငန်းအများစု မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေပြီး နာမည်ကြီး H&M ၊ Adidas ကဲ့သို့ ကုမ္ပဏီများ ပါဝင်နေသည်။ 

အီးယူ၏ စစ်ဆေးမှုကို မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးနှင့် ပူးပေါင်းကာ ဖြေရှင်းနိုင် ရန် ဆောင်ရွက်နေကြောင်း အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အောက်တိုဘာလ ၃၀ ရက်၊ နေပြည်တော်တွင် ပြောကြားထားသည်။

ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့် ရသည့်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်းမှ ပြဋ္ဌာန်းထားသည့်၊ အဓိကျသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးရပိုင်ခွင့်များနှင့် အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်အခြေခံမူ ၁၅ ချက်ကို စနစ်တကျ ချိုးဖောက်ခြင်းနှင့် စိုးရိမ်ရသည့် သက်သေ အထောက်အထားများရှိခဲ့လျှင်၊ ထိုနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများကို အီးယူမှ ခေတ္တယာယီ ပယ်ဖျက်ထားနိုင်သည်။

EU သို့ ဦးစားပေးပို့ကုန်အနေဖြင့် မြန်မာနိုင်ငံမှ ၂၀၁၅ ခုနှစ်တွင် ယူရို ၅၃၅ ဘီလီယံ၊၂၀၁၇ ခုနှစ်တွင် ယူရို  ၁.၃ ဘီလီယံ အထိ တင်ပို့မှု မြင့်တက်ခဲ့ပြီး၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ EU သို့ တင်ပို့သည့်ပို့ကုန်၏ ၇၂.၂ ရာခိုင်နှုန်း သည် အထည်ချုပ်လုပ်ငန်းများ ဖြစ်သည်။

ထို့ကြောင့် အီးယူမှ ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ပေးထားခြင်းကို ရပ်ဆိုင်းလိုက်ပါက မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းဖြစ်သော အထည်ချုပ်လုပ်ငန်းများ နစ်နာနိုင်ဖွယ်ရှိနေသည်။

Mizzima Weekly