မင်းဘူးမြို့နယ်မှ မဲဆန္ဒနယ်အမှတ်(၂) နေရာ ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ပြိုင်

မင်းဘူးမြို့နယ်မှ မဲဆန္ဒနယ်အမှတ်(၂) နေရာ ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ပြိုင်

နိုဝင်ဘာ ၁ ၊ မင်းဘူး ။         ။ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်းဘူးမြို့နယ်မှ မဲဆန္ဒနယ် အမှတ်(၂) နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းဦးကျော်ငွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိန်ရွှေမင်း(ခ)မောင်ပိုက်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေ၊ ဦးသောင်းစိုး နှင့် NUD အမျိုးသားညီညွှတ် တိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဌေးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

NLD၊ USDP ၊ NUD ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေတို့အား မဇ္ဈိမသတင်းထောက် တင်ရွှေက မေးမြန်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးကျော်ငွေ

" ကိုယ်ကိုတိုင်လည်း တောင်သူလယ်သမားဖြစ်တယ်။ တောင်သူလယ်သမားတွေ ခံစားနေရတဲ့ဒုက္ခတွေ၊ အခက်အခဲတွေ လိုအပ်ချက်တွေကို ကိုကိုယ်တိုင်က သိပြီးသားဖြစ်နေတော့ ဒီဒုက္ခတွေ လိုအပ်ချက်တွေကို မိဘပြည်သူတွေ မဲပေးလိုက်လို့ မဲအနိုင်ရသွားပြီဆိုရင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားပြီးတော့ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ စကားကိုအခြေခံပြီး ကျွန်တော် စည်းရုံးရေးလုပ်ပါတယ်။

ကိုယ်စားလှယ်လောင်းအနေနဲ့ ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် နေတဲ့ ပါတီတစ်ရပ်ကို ယုံယုံကြည်ကြည် မဲပေးပါ၊ဒီအစိုးရ ဒီပါတီဟာ အဂတိလိုက်စားမှု ကင်းစင်တယ်။ ပြည်သူတွေ အကြောက်တရားကင်းအောင် လုပ်ပေးနိုင်တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပီပီပြင်ပြင် ရောက်ဖို့ ဒီပါတီဟာ အင်မတန် မဲပေးသင့်တဲ့ပါတီတစ်ခုပါလို့ ပြည်သူတွေကို ကျွန်တော်ပြောချင်ပါတယ်။ " 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိန်ရွှေမင်း(ခ)မောင်ပိုက်

နိင်ငံနဲ့ နိင်ငံသားများအပေါ် သစ္စာစောင့်သိမှုကို မှတ်ကျောက်တင်ခံရဲပါတယ်၊ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသားတို့ အရေးများနဲ့ ပတ်သက်ပြီး တာဝန်ကျေစေရပါမယ်၊ အတိုက်အခံလိုအပ်နေတဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကို ကျွန်တော့်ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားအောင် ဆောင်ရွက်ပါမယ်၊ ကျွန်တော့ကို မဲပေးလိုက်ရတဲ့အတွက် မိမိ မဲဆန္ဒရှင်များ ဘယ်သောအခါမှ စိတ်မပျက်စေ ရဘူး၊ ကျွန်တော့်ရဲ့ ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေ အရှက်ရစရာ မဖြစ်စေရပါဘူး

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေ

“ကျွန်တော် ဒီအရင်က လူမှုရေးခေါင်းစဉ်တစ်ခုအောက်မှာ ကူညီရေးစစ်စစ် အမှန်တကယ်ကူညီရေးဖြစ်ဖို့ ကျွန်တော့်ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ကြိုးစားခဲ့ပါပြီ၊ အခုလို ဝင်ရောက်ရွေးချယ်ခံတဲ့ခေါင်းစဉ်ကလည်း ကိုယ်စားပါ၊ ကိုယ်စားလှယ်ပါ။ ကျွန်တော်တို့ဒေသ ရပ်ရွာ မြို့နယ်၊ တိုင်းအတွက် အမှန်တကယ် အကျိုးတော် ဆောင်နိင်ဖို့ ကိုယ်စားပြုလုပ်သားစစ်စစ် ဖြစ်ဖို့အတွက် ယုံကြည်ချက်နဲ့ ဝင်ရောက်ရွေးချယ်ခံတာပါ။ အမှန်တကယ် ကိုယ်စားပြုနိင်လိမ့်မယ်။ အမှန်တကယ် ရပ်တည်နိင်မယ်။ ပြည်သူက ကျွန်တော်ကို ရွေးချယ် တာဝန်ပေးအပ်ရင် တာဝန်ယူ၊ တာဝန်ခံနိင်ဖို့အတွက် ကျွန်တော့်ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ပြည်သူဘက်က အမှန်တရားဘက်က ဓမ္မဘက်က ရပ်တည်ပါမယ်။ ဒီကတဆင့်  ကျွန်တော်တို့ မတူကွဲပြားမှုတွေကနေ ကျွန်တော်တို့တစ်တွေ အားလုံးပူးပေါင်းဆောင်ရွက်နိင်မှ ကျွန်တော်တို့နိင်ငံဟာ အမှန်တကယ် ဖွံ့ဖြိုး တိုးတက်မယ် လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းပါတယ်။

NUD အမျိုးသားညီညွှတ်တိုးတက်ရေးပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဌေး

ကျွန်တော်ဒီကိုလာပြီး ဝင်ရောက်ယဉ်ပြိုင်တာကတော့ ကျွန်တော်တို့ပါတီက ပြည်သူလူထု၊ အောက်ခြေ လူတန်းစားများဖြစ်တဲ့ တောင်သူလယ်သမား အလုပ်သမားတွေရဲ့ဘဝကို အခြေခံတဲ့ ပါတီပါ၊ ပြည်သူလူထုနဲ့ တောင်သူလယ်သမား အလုပ်သမားတွေရဲ့ အကျိုးကို ရှေးရှုတဲ့အတွက် တောင်သူလယ်သမားများ အလုပ်သမားများရဲ့ အကျိုးစီးပွား၊ ရှေ့လာမယ့်အနာဂတ်၊ သူတို့ရဲ့သားသမီးတွေရဲ့ အနာဂတ်ကို ရှေးရှုပြီး ကျွန်တော်လာရောက် ယဉ်ပြိုင်ခြင်းဖြစ်ပါတယ်။

Mizzima Weekly