ပြည်ပစက်သုံးဆီလုပ်ငန်းများ ဝင်ရောက်လာရန် ဆောင်ရွက်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

ပြည်ပစက်သုံးဆီလုပ်ငန်းများ ဝင်ရောက်လာရန် ဆောင်ရွက်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

နိုဝင်ဘာလ ၁ ။              ။ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို စက်သုံးဆီဖြန့်ဖြူးရောင်းချလုပ်ငန်းများတွင် ဝင်ရောက်ရန် ခွင့်ပြုထားသော်လည်း အရှိန်နှေးနေခြင်းကြောင့် နိုင်ငံတော်မှ မူဝါဒအားဖြင့် ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောဆိုလိုက်သည်။

"အရင်တုန်းက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖြန့်ဖြူးရောင်းချမှုတွေမှာ ပိတ်ပင်ထားခဲ့တာမှန်တယ်။ သို့သော် အစိုးရ က အဲဒီကန့်သတ်ချက်တွေ ဖယ်လိုက်ပြီ။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဝင်မလာသေးဘူး။ ဝင်မလာသေး တော့ အဓိကပြဿနာက ဒီစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးကိစ္စအပြင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေ မှာလည်း နည်းနည်းအရှိန်နှေးနေသေးတဲ့အပေါ်မှာ ပြန်လည်သုံးသပ်မှုတွေ လုပ်နေတယ်။ ရင်းနှီးမြှုပ်နှံမှုကို ဆွဲ ဆောင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့က နိုင်ငံတော်မူဝါဒအားဖြင့် ထိန်းညှိမှုတွေလုပ်ပေးဖို့ ကျွန်တော်တို့ ဆောင် ရွက်နေပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်၊ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမေးမြန်းမှုကို ဦးဇော်ဌေးက ထိုသို့ ဖြေခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ ၃၁ရက် စက်သုံးဆီစျေးနှုန်းများမှာ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၀၉၅ကျပ်၊ အောက် တိန်း ၉၂ တစ်လီတာလျှင် ၁၀၄၅ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၁၁၀၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၁၀၉၀ ကျပ် စျေးပေါက်နေကြောင်း မြန်မာနိုင်ငံစက်သုံးဆီအသင်းမှ သိရသည်။

စက်သုံးဆီသည် ဇန်နဝါရီလပိုင်းအထိ ကျပ် ၈၀၀ ကျော်အထိ ရှိရာမှ မေလနှောင်းပိုင်းတွင် ၉၀၀ ကျပ်ကျော်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ယခု ကျပ် ၁၀၀၀ ကျော်အထိ စျေးတက်နေခြင်း ဖြစ်သည်။

လက်ရှိစက်သုံးဆီစျေးများသည် ပုံမှန်စျေးသာဖြစ်ပြီး အရှုံးခံရောင်းချနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူများက မေလ ၂၂ ရက်နေ့တွင် ပြောဆိုထားသည်။

၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များကို စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းကို လုပ်ကိုင်ခွင့်များ ပေးခဲ့ခြင်း ဖြစ်ပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုတွင် Puma ကဲ့သို့ ကုမ္ပဏီသာ လေယာဉ်ဆီ တင်သွင်းနေခြင်းများသာရှိပြီး ပြည်ပမှ ဝင်လာရန် နှောင့်နှေးနေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကစက်ဆုံးဆီဆိုင်များမှ ရောင်းချပေးနေသော စက်သုံးဆီများ၏ အရည် အသွေးများ သတ်မှတ်စံနှုန်းအတိုင်း ပြည့်မီမှန်ကန်မှု ရှိ/မရှိကို ပုဂ္ဂလိကစက်ဆုံးဆီဆိုင်များ၏ စက်သုံးဆီနမူနာ Security Seal ပိတ်ပြီး အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် ရန်ကုန်တိုင်း ဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီက အောက် တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားကြောင်း တွေ့ရသည်။

 

Mizzima Weekly