တောင်ပိုင်းဒေသ ABSDF နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့နှင့် ကျဆုံးရဲဘော်များအား ရည်စူး၍ ဆွမ်းကျွေးပြုလုပ်

တောင်ပိုင်းဒေသ ABSDF နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့နှင့် ကျဆုံးရဲဘော်များအား ရည်စူး၍ ဆွမ်းကျွေးပြုလုပ်

မြိတ်၊ နိုဝင်ဘာ ၁ ။               ။ တောင်ပိုင်းဒေသ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် မြိတ်မြို့၊ ကလွင်တောရ အောက်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ ကလွင်တောရ အောက်ကျောင်း၌ ပြုလုပ်သည့် နှစ် ၃၀ ပြည့် အခမ်းအနားမှာ စစ်အာဏာရှင်စနစ်အောက်တွင် တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ကျဆုံး ရဲဘော်၊ ရဲမေများအား ရည်စူး၍ ဆွမ်းကျွေး၊ တရားတော်နာခြင်းနှင့် ရေစက်ချ အမျှတမ်းပေးဝေခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရဲဘော်ဟောင်း တစ်ဦးဖြစ်သူ ဦးသန်းအောင်က " နှစ် ၃၀ အတွင်းမှာ သေဆုံးကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်၊ ရဲမေတွေ ၊ သူတို့ရဲ့ ဂုဏ်ပုဒ်တွေ၊ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေကို လက်ရှိ ရှိနေသေးတဲ့ ရဲဘော်ဟောင်းတွေက အသိအမှတ်ပြု လေးစားတဲ့ မနေနဲ့ ဒီ နှစ် ၃၀ ပြည့် အခမ်းအနားကို ကျင်းပရခြင်း ဖြစ်တယ်”ဟု ဆိုသည်။

ABSDF အဖွဲ့ရဲ့ နှစ်ပတ်လည်အခမ်းအနားကို တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ၂၅ နှစ်မြောက် အခမ်းအနားမှ စတင်၍ ကျင်းပလာခဲ့ခြင်း ဖြစ်ပြီး၊ လက်ရှိမှာ ထားဝယ်တွင် ၁ ကြိမ်၊ ပုလောတွင် ၂ ကြိမ်နှင့် မြိတ်တွင် ၂ ကြိမ်ဖြစ်ကာ စုစုပေါင်း ၅ ကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ကြောင်း အခမ်းအနားကို စီစဉ်သူများထံမှ သိရသည်။

တော်လှန်ရေးကာလအတွင်း တောင်ပိုင်းဒေသတွင် ကျဆုံးရဲဘော် ၂၀၀ ဦးကျော်ရှိခဲ့ပြီး၊ တစ်နိုင််ငံလုံး အတိုင်းအတာဖြင့် ၇၀၀ ဦးကျော် ကျဆုံးခဲ့ကြောင်း ယင်းအခမ်းအနားမှ ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်မြို့တွင် ကျင်းပသည့် ABSDF နှစ် ၃၀ ပြည့် အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တောင်ပိုင်းဒေသရှိ ABSDF ရဲဘော်ဟောင်းများ လူမှုကွန်ရက်မှ ရဲဘော်ဟောင်းများ၊ အရပ်ဖက်အဖွဲ့စည်းများနှင့် ဒေသခံများ တက်ရောက် ခဲ့ကြကြောင်း သိရ သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ စတင်တည်ခဲ့စဉ်က သမိုင်းဝင်မှတ်တမ်းပုံ ၁၀၀ ကျော်ကို ခင်းကျင်းပြသခဲ့သည်။

Mizzima Weekly