“မတူတာကိုက ကျွန်တော်တို့လက်ခံနိုင်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်”

“မတူတာကိုက ကျွန်တော်တို့လက်ခံနိုင်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်”

ဘာသာပေါင်းစုံညီညွတ်ရေးကို အချိန်ယူ လုပ်ဆောင်ရမည်ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့မှ   ဟာဂျီဦးအေးလွင်က ပြောသည်။

ဘာသာမတူသူ၊ အသွေးအရောင်မတူသူများကြား ယုံကြည်၊ ချစ်ခင်မှုကို တိုးပွားစေရေး လုပ်ဆောင်နေသည့်  ငြိမ်းချမ်းမေတ္တာအဖွဲ့ကို စတင် တည်ထောင်သူများထဲတွင် ဟာဂျီ ဦးအေးလွင်လည်း ပါဝင်သည်။

ရခိုင်ဒေသပဋိပက္ခဆိုင်ရာ ကိုဖီအာနန် ကော်မရှင်တွင်လည်း  အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်သည့်  ဟာဂျီဦးအေးလွင်နှင့် မကြာသေးခင်က တွေ့ဆုံစဉ် သူက ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှု၊  မတူကွဲပြားမှုများအကြောင်း ပြောပြထားသည်။

မေး - အစိုးရသစ်လက်ထက်မှာ ဘာသာရေး မုန်းတီးမှုတွေ လျော့ကျသွားတာကိုတွေ့ရပါတယ်။ ဒါဟာ လူထုထဲမှာမုန်းတီးမှုတွေ မရှိတော့တာလား၊  အသုံးချမယ့်သူတွေက သူတို့ရဲ့ နိုင်ငံရေး ကစားကွက်က အချိန်မကျသေးတာကြောင့် စောင့်ဆိုင်းနေကြတာလား။

ဖြေ - နိုင်ငံရေး ကစားကွက်အရ ဒါကို အသုံးချရာမှာ ထိရောက်သင့်သလောက်၊ မျှော်လင့်သလောက် မထိရောက်ဘဲ သူတို့အပေါ်မှာတောင် ပြန်ပတ်လာတဲ့ သဘောရှိတာကြောင့် ဒီနိုင်ငံရေး ဗျူဟာလေးကို ခဏလေး ခေါက်ထားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အရင်တုန်းက ဗြောင်ကျကျ ထုတ်သုံးခဲ့တာဟာ ရွေးကောက်ပွဲတောင် ရှုံးသွားခဲ့တဲ့အဆင့်ထိရောက်သွားတယ်။ ပြည်သူတွေ ကြားထဲမှာလည်း နားလည်သဘောပေါက်ကြတဲ့သူတွေရှိတယ်။ ဘာသာရေး ခေါင်းဆောင်တွေကလည်း အသုံးချမခံတော့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒီတော့ဒါက ခေတ္တယာယီ ဒီဗျူဟာကို သူတို့ မသုံးသေးတာလို့ ကျွန်တော် ထင်ပါတယ်။

မေး။     ။ အစိုးရဟောင်းလက်ထက် ကာလနဲ့ အခု အစိုးရကာလ နှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာသာပေါင်းစုံ ညီညွတ်ရေးကို ဆောင်ရွက်ရတဲ့ အချိန်မှာ ဘယ်လို ကွာခြားချက်များ ရှိပါသလဲ။

ဖြေ။     ။  ဦးသိန်းစိန်လက်ထက်က အစိုးရကလည်း စစ်တပ်က လူဟောင်းတွေများတယ်၊ လက်တွေ့ အကောင်အထည်ဖော်ရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများကရော တပ်ကလူတွေများတယ်။  ဒါကြောင့် သူတို့လုပ်တာတွေက ဟန်ချက်ညီတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ တချို့ကိစ္စရပ်တွေမှာ ဒေသခံတွေကနေပြီးတော့ သူတို့ဒေသမှာ ရှိိတဲ့ အာဏာပိုင်တွေ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကျေကျေလည်လည် ညှိနှိုင်းပြီးလုပ်မယ်ဆိုရင် တချို့ခွင့်ပြုချက်မရတာတွေကို နားလည်မှုနဲ့လုပ်လို့ရတယ်။  ဝတ်ပြုမှုတို့၊ ဥပုသ်စောင့်တာတို့၊ ဘာသာရေး စာသင်တာတို့ ဆိုတာက တရားဝင်ပိတ်ပင်ထားသော်လည်း သူ့နားလည်မှုလေးနဲ့ ဖြစ်နေတယ်။
ခုဒီအစိုးရ တက်လာတဲ့ အခါမှာ တရားဥပဒေစိုးမိုးရေးဆိုတာလည်းပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိက အဆောက်အဦဆိုတာ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင် စာရွက်စာတမ်းတို့ဘာတို့က သိပ်ပြီးရှိတာမဟုတ်ဘူး။  ပိတ်ပင်ဟန့်တား တားဆီးမှုတွေ ခံနေရတာက ဥပဒေအတိုင်းလုပ်ဆိုတာကြီးကြောင့်၊ ဌာန ဆိုင်ရာနဲ့ ဝန်ထမ်းတွေကလည်း အစိုးရအဖွဲ့နဲ့ ထွေအုပ်နဲ့ကလည်း သိပ်ပြီး တူတာမဟုတ်ဘူးလေ။ အဲတော့ လုပ်ရတဲ့ အခါမှာ အကောင်အထည်ဖော်ရတဲ့ အခါမှာ နားလည်မှုတွေ မရကြတဲ့ အပေါ်မှာ ဝတ်ပြုကိုးကွယ်မှုတွေရော၊  ဘာသာရေး အခမ်းအနားတွေရော၊ သာသနာရေး စာသင်ကျောင်းတွေရော ပြီးခဲ့တဲ့ အစိုးရထက်စာရင် အများကြီး ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေနဲ့ကြုံတွေ့လာခဲ့ရတယ်။ လူတွေလည်း တော်တော်လေး စိတ်ပျက်ကြတယ်။ အထင်လွဲကြတယ်၊အားငယ်မှုတွေ ရှိနေကြပါတယ်။

မေး - ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ခရီးစဉ်တွေမှာ အမျိုးသားရေးဝါဒီ ဆရာတော်တချို့နဲ့အတူ တွေ့ရပါတယ်။  ဒီဆရာတော်တွေရဲ့ဘာသာပေါင်းစုံ အပေါ်ထားတဲ့ အမြင်တွေကို ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ - ကျွန်တော်ကိုယ်တိုင် ရွာမ ဆရာတော်ကြီးကိုသွားတွေ့ပါတယ်။ တော်တော်လေး နွေးနွေးထွေးထွေးပဲ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ကြမ်းပြင်ပေါ်မှာတောင် မထိုင်ခိုင်ပါဘူး။ တစ်ပြေးတည်း ထိုင်ခိုင်းတယ်။  စကားပြောတဲ့ အခါမှာလည်းပရိပက္ခမဖြစ်အောင် လုပ်တဲ့ သဘော။ ကိုယ့် သာသနာကိုယ် ကာကွယ်တယ်ဆိုတဲ့ သဘော။ ရန်စကား၊ အမုန်းစကားတွေလည်း သိပ်မပြောဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်ထုတ်ထားတဲ့ စာအုပ်တွေပေါ့။ အစ္စလမ်နဲ့ ပတ်သက်ပြီး အထင်လွဲ အမြင်မှား ဖြစ်နေတာတွေကို ဖြေရှင်းတဲ့ စာအုပ်တွေ၊  စာတမ်းတွေကို ဆရာတော်တွေကို ပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ လုပ်မယ့် ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေး ပွဲမှာ မြန်မာနိုင်ငံက ဘာသာပေါင်းစုံကို ဖိတ်ဖို့ရှိတော့ ဆရာတော်ကြီးကိုပါ  ဖိတ်ခဲ့တယ်။  ဆရာတော်က ကျမ်းမာရေးကြောင့် မလိုက်နိုင်ခဲ့ဘူး။ ဒေါက်တာ သောဘာသနဲ့ဒေါက်တာ ဓမ္မပီယတို့ နှစ်ပါး ပါလာခဲ့ပါတယ်။  ဂျပန်မှာ ပြောတဲ့ စကားတွေလည်း ငြိမ်းချမ်းရေး စကားတွေပဲ ပြောတယ်။ အဲဒီတော့  ငြိမ်းချမ်းရေး ဖိုရမ် (ဆွေးနွေးပွဲ) တွေမှာ ပြောတဲ့ စကားတွေနဲ့ ကိုယ့် ပရိတ်သတ်အတွင်းကို ရောက်သွားတဲ့ စကားတွေက မတူညီကြဘူး။ ဘယ်သြဇာကြောင့်လဲတော့မသိဘူး။  ဒီတော့ သူတို့ရဲ့ပင်ရင်းစိတ်က ကိုယ့်ဘာသာ၊ သာသနာ ချစ်မြတ်နိုးတယ်။  ကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့ အမြင်ကတော့ ရှိနေတယ်။  ဒါပေမယ့် ကျန်တဲ့ဟာတွေကို ရန်ပြုဖို့ ဆိုတဲ့ အမြင်ကသူတို့ ဆီမှာ မရှိဘူးဗျ။  သို့သော်လည်း ဘယ်လိုလမ်းကြောင်းတွေက ပြောင်းလဲလာသလဲပေါ့။  ဥပမာ တမန်တော်နေ့ အခမ်းအနားတွေမှာ လိုက်ပြီး ဖျက်ဆီးတာတွေမှာ မဘသရဲ့တတိယလိုင်းက ပုဂ္ဂိုလ်တွေက အထင်ကရ ပါနေတာကို တွေ့ရတယ်။ အဲဒီလို မတူညီချက်လေးတွေတော့ တွေ့ရပါတယ်။
မေး - ဒါဟာ ဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်လို့ ရနိုင်ပါသလဲ။

ဖြေ - သေချာတယ်လေ၊ဒါဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို အသုံးချတဲ့ လူတွေပေါ့။ အဲဒီအခါမှာ အသုံးချ မခံတဲ့ သူတွေလည်းရှိတယ်။  သို့သော် အသုံးချမှန်းမသိဘဲနဲ့ပါသွားတဲ့ ကိစ္စရပ်လေးတွေလည်းရှိတယ်။ အစ္စလာမ်ကို ဘုံရန်သူ အဖြစ်နဲ့ မြင်နေတာရှိတယ်။ အစ္စလာမ်ကို ရွံမုန်းတဲ့ စိတ်ကို ရိုက်သွင်းထားတာ ဦးနေဝင်း လက်ထက်ကတည်းက ဖြစ်နေတော့ ဒီဥစ္စာက ဗြောင်သာဖွင့်မပြောတာ၊ မသိစိတ်ထဲမှာ ရှိနေတော့တာ။ အခု ဒီမိုကရက်ဆိုတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများမှာလည်း ဒီအတွေးအခေါ်က ရှိနေတယ်။ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေမှာလည်း ဒီအတွေး အခေါ်တွေရှိနေတယ်။  တော်တော် ဝမ်းနည်းဖို့ကောင်းတယ်။
ကျွန်တော်တို့ ဘာလုပ်နေသလဲ ဆိုရင် အဲဒီလို အထင်အမြင် လွဲမှားမှုများကို ဖြေရှင်းဖို့ကြိုးစားနေတယ်။ အစ္စလာမ်တစ်ခုတည်း မဟုတ်ဘူး။ ခရစ်ယာန်နဲ့ပတ်သက်ရင် သူတို့ အမြင်တွေမှားနေတယ်၊ဟိန္ဒူနဲ့ပတ်သက်လို့လဲ အမြင်တွေမှားနေတယ်။
ဘာသာတရား အသီးသီးမှာရှိတဲ့ လှပတဲ့ အလှတရားတွေကို ဖော်ထုတ်ပြီးတော့ လွဲမှားသော အမြင်တွေကို ပြေပျောက်အောင် ကျွန်တော်တို့ လုပ်နေပါတယ်။

မေး - ကြားဖြတ်ရွေးကောက်ပွဲ နီးလာတဲ့ အချိ်န်မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲ မန္တလေးမြို့မှာ လှုံ့ဆော်မှု တချို့ ဆက်ရှိနေပါသေးတယ်။
ဖြေ - ဒီကိစ္စကတော့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်တယ်။  အုပ်ချုပ်တဲ့ လူတန်းစားကို အကြပ်အတည်း ဖြစ်အောင်လုပ်တယ်ဆိုတာကတော့ နိုင်ငံရေး နည်းဗျူဟာပဲလေ။ ဒါ ဖော်မြူလာ အတိုင်းလုပ်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။  ခုနက ကျွန်တော်ပြောသလိုပေါ့ ဘာသာရေးကို အသုံးချခြင်းက လုံးဝ ရပ်ဆိုင်းသွား မလားဆိုတော့ မရပ်ဆိုင်းသေးဘူး။  အခါအခွင့် သင့်ရင် သင့်သလို ဆက်ပြီး သူတို့ ဆက်ပြီး သုံးနေဦးမှာပါပဲ။
မေး - ပြည်သူတွေက ဒီလို အန္တရာယ်တွေကနေ ကာကွယ်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။

ဖြေ - မှိုင်းတိုက်ထားတဲ့ မှိုင်းထု ကြီးက တော်တော်လေးထူနေတယ်ဗျ။ နောက်တစ်ခုက တချို့ဟာတွေက အထောက်အထားလို့ ဆိုတဲ့အခါမှာမှန်သယောင်ယောင်ပေါ့ဗျာ၊ဥပမာအားဖြင့်ဆိုရင် ပတ်ဝန်းကျင်နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံတွေ ခုတော့ အစ္စလာမ် ဘာသာက ဝါးမျိုသွားပြီပေါ့။  ရုတ်တရက် ကြည့်လိုက်ရင်၊ အပေါ်ယံလေး ကြည့်လိုက်ရင် ဟုတ်သယောင်ယောင်ပေါ့။ တော်ရုံ တန်ရုံ ဆင်ခြင်တုံတရား ရှိတဲ့လူသည်ပင်လျှင် အဲလို နားယောင်သွားတာရှိတယ်။

အဲဒီတော့ ကျွန်တော်က Peace Education ဆိုတာ လုပ်နေတယ်။  Peace Educationဆိုတာ ပဋိပက္ခ မဖြစ်ဖို့၊ ရန်မဖြစ်ဖို့တင်မကဘဲနဲ့ ကိုယ်နဲ့မတူကွဲပြားမှုများ အပေါ်မှာ နားလည်ဖို့။
မတူတာကိုက ကျွန်တော်တို့ လက်ခံနိုင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ သူ့မှာ မတူပိုင်ခွင့်ရှိတယ်၊မတူတာကို အသိအမှတ်ပြုဖို့လိုတယ်။ ဒါကြောင့် ကိုယ်ဘာသာ အကြောင်းတွေ ကိုယ်အရင်သိဖို့လိုတယ်။ ဒါမှ ကိုယ့်ဘာသာကို အကြောင်းပြုပြီးတော့ လာပြီးတော့ သွေးထိုး လှုံ့ဆော်ရင် အဲလို အလှုံ့ဆော်မခံဘဲ ဒါဟာ တို့ဘာသာနဲ့ ဆန့်ကျင်နေတဲ့ ကိစ္စပါလား၊တို့ မြတ်နိုးတဲ့ ဘာသာကို ဒီလို ယုတ်ညံ့တဲ့ နေရမှာ အသုံးမခံဘူးဆိုပြီး အတွင်း ခုခံအားနဲ့ ရပ်တန့်သွားအောင်လုပ်ဖို့အတွက်က ကိုယ့်ဘာသာ အကြောင်းကို ကိုယ်သိအောင်လုပ်ဖို့လိုတယ်။  ကျွန်တော်တို့က မိရိုးဖလာတွေဖြစ်နေတယ်။ အဖေ အစ္စလာမ် ဖြစ်လို့ ကျွန်တော်က အစ္စလာမ်ဖြစ်နေတာ။  ယုံကြည်မှု သဒ္ဒါတရားကို အမွေလိုရထားတာ။ ကျင့်သုံးမှု မရှိသလို။ နားလည်သလားဆိုတော့လညး် နားလည်မှုလည်း မရှိဘူး။ အဲဒီတော့ ကိုယ်ဘာသာအကြောင်းကို ကိုယ်အရင်သိအောင်လုပ်။ ပြီးရင် ကိုယ်နဲ့ မတူတဲ့ လူတွေရဲ့ စစ်မှန်သော ခံယူချက်ကို သိအောင်လုပ်။

တစ်ဆင့်ခံ အသိ အင်မတန်ကြောက်ဖို့ ကောင်းတယ်။ ဆရာကြီး ဦးရွှေအောင် ထေရဝါဒ ဗုဒ္ဓဘာသာမှာ၊ လူဝတ်ကြောင်တွေထဲမှာဆိုရင် အင်မတန်ထင်ရှားတဲ့ ဆရာကြီးပါ။ သူက အငှားအသိတွေက ဒုက္ခပေးတယ်၊ကိုယ်ပိုင်အသိရှိဖို့လိုတယ်။ ဗုဒ္ဓတရား ဘာလဲဆိုတာ ခရစ်ယာန်ရေးလို့၊ မွတ်စလင်ရေးလို့ မသိဘူးလေ၊အဲဒါ အငှားအသိခေါ်တာ။ ဗုဒ္ဓရဲ့ နုတ်ကပါတ်တော်မှာ ဘာတွေပါသလဲ၊ ပိဋကတ်မှာ ဘာတွေပါသလဲ၊ ဝိနည်းမှာ ဘယ်လိုပါသလဲ၊ ဒါသိမှရမှာ။  အစ္စလာမ်အကြောင်းသိချင်ရင် ကုရ်အမ်မှာ ဘယ်လိုပါသလဲ။ တမန်တော်မြတ်ရဲ့ဘဝသက်တမ်းမှာ ဘယ်လို အကောင်အထည်ဖော်ခဲ့သလဲ။ ကြိုက်ရင် ကြိုက်မယ်၊ မကြိုက်ရင် မကြိုက်ဘူး။ ဒါပေမယ့် ဒါဟာ အရှိတရားပဲလေ။ အဲ့ဒီလိုနည်းနဲ့ ကျွန်တော်တို့ ဘာသာများကို လေ့လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အချိန်ယူမယ်။ ဒါ အင်မတန်ကို မှိုင်းက ပြင်းနေတဲ့ အချိန်ဖြစ်တယ်။

မေး - တချို့က မွတ်စလင် နိုင်ငံကြီးတွေကလာတဲ့ ဝတ်စားဆင်ယဉ်မှုတွေ၊ ဓလေ့ ထုံတမ်းတွေကို ဘာသာရေး ယုံကြည်ချက်တစ်ခု အနေနဲ့ လက်ခံ ကျင့်သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ  ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေနိုင်ပါသလား။

ဖြေ - အချက် ၂ ချက် ကျွန်တော်ပြောချင်ပါတယ်။  ဘာသာတရားရယ်။ လူမျိုးဒေသနဲ့ဓလေ့ ထုံစမ်းတွေ ရောထွေးနေတာတွေ ရှိပါတယ်။ ဝတ်စားဆင်ယဉ်မှုမှာ ဘာသာတရား တစ်ခုသည် လူမျိုး တစ်မျိုး၊ နိုင်ငံတနို်င်ငံတစ်ခုအတွက်၊ ခေတ်တစ်ခု အတွက်မှ မဟုတ်ဘဲ။  အားလုံး အတွက် လမ်းညွန်ထားတာဖြစ်တယ်။ ဘယ်နိုင်ငံမှာနေနေ ဘယ်ယဉ်ကျေးမှုနဲ့ပဲ ဖြစ်ဖြစ် ဒီတရားကို ကျင့်သုံးနိုင်ရမယ်။  အဲ့ဒီတော့ အဲဒီနိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတစ်ခုရဲ့ သွင်သင်မှုကို ခွဲမြင်ဖို့ လိုအပ်တယ်။

ကျွန်တော့ အမေ၊ ကျွန်တော် မိန်းမ၊ ကျွန်တော့ သမီး အားလုံးက မြန်မာလိုပဲ ဝတ်တာပဲ။ ဝတ်ပြုတဲ့ အခါကျတော့ လုံလုံခြုံခြုံ ခေါင်းမှာ ဆောင်းပြီးတော့ ဝတ်ပြုတယ်။ အရေးကြီးဆုံးက အနှစ်သာရက ကာအိန္ဒြေထိန်းသိမ်းဖို့ပဲ။ ဆန့်ကျင်ဘက် လိင်ကနေပြီးတော့ သူ့ကို မြူဆွယ်သလို သွေးဆောင်သလို မဖြစ်စေရဘူး။ အဲဒါက သာသနာရဲ့တားမြစ်ချက်ပဲ။ ဒါပေမယ့် ကာလ၊ ဒေသ ရာသီဥတု၊ သဘာဝ အနေအထားတွေ အရ ဒါတွေဟာ ပြောင်းလဲ လာတဲ့ အခါကျတော့ ပုံသေ ယူနီဖောင်း တစ်ခုလုပ်ပစ်လိုက်တာ။ တကယ်တော့ ယူနီဖောင်း မရှိပါဘူး အစ္စလာမ််မှာ။

မေး။     ။ ဒီလို ဝတ်စားဆင်ယဉ်မှုတွေကြောင့် အထင်မှားစရာ ဖြစ်လာနိုင်သလား။

ဖြေ။     ။ အထင်အမြင်လွဲစရာတွေ ဖြစ်လာနိုင်တယ်။ မှန်တယ်၊ မှားတယ်ဆိုတာထက် သူ့ရဲ့လွတ်လပ်စွာ ယုံကြည်ခွင့်။ ဟိုတုန်းက ကျွန်တာ်တို့ မကြာခဏပြောတယ်။ မြန်မာ့ လူ့ဘောင်မှာနေရင် မြန်မာ့ ယဉ်ကျေးမှု အတိုင်းနေ။ သူတို့ အနေနဲ့ကတေ့ာ ဒါကို ရိုးရိုးသားသားကို ဒီလို ဝတ်စားဆင်ယဉ်မှု။ မှုတ်ဆိတ်မွှေးထားခြင်း၊ အကျီင်္ရှည်ဝတ်ခြင်း၊ အုပ်ထုတ်ဆောင်းခြင်း၊ အမျိုးသမီးတွေ မျက်နှားဖုံးခြင်းသည် ဘာသာရေးရဲ့ကျင့်စဉ်လို့ ယုံတယ်။ ကျွန်တော်တို့ကတော့ ဒါဟာ ဓလေ့ ထုံးစံလို့ပြောတယ်။ အငြင်းပွားမှုရှိတယ်။ သို့သော် သူ့ရဲ့ယုံကြည်မှု ချက်ကို မင်းတို့ မယုံရဘူး၊ မင်းတို့ စွန့်လွှတ်ရမယ်လို့ ပြောခြင်းသည် မတရားဘူးထင်လို့ ကျွန်တော်သိပ် မပြောတော့ဘူး။  သူတို့ မှားသည့် တိုင်အောင်၊ မှားခွင့်ရှိသည်။ သူ့ရဲ့ ယုံကြည်မှု။ မတူကွဲပြားမှုလေ။ သူမှန်နေတယ်လို့ ကျွန်တော် ထောက်ခံနေတာမဟုတ်ဘူး။ သို့သော် ဒီလို ပဋိပက္ခဖြစ်နေတဲ့ အချိန်။ မသမာသူများ သွေးခွဲနေတဲ့ အချိန်မှာ အထင်အမြင်လွဲစရာ ကိစ္စရပ်လေးတွေကို ရှောင်ကြဉ်နိုင်ရင်ကောင်းမယ်။ မသမာသူတွေက ဒါဟာ တိုင်းတပါး ယဉ်ကျေးမှု၊ တို့ ယဉ်ကျေးမှုကို လွှမ်းမိုးဖို့ လုပ်နေပြီ။ ဒီကောင်တွေ ကြီးစိုးသွားရင် ဒုက္ခရောက်မယ်ဆိုပြီး သွေးထိုးတော့မယ်။ ပရိပက္ခဖြစ်နေတဲ့ အချိန်တွေ မှာ ဆင်ခြင်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဥပမာပေါ့ဗျာ …တစ်နေ့ ငါးကြိမ်း ဝတ်ပြုရမယ်၊အရက်မသောက်ရဘူး၊သူများကို ဒုက္ခမပေးရဘူး၊သူများကိုသတ်တာ၊ပစ္စည်းခိုးခြင်းဟာ ဘယ်လို အနေအထား ဘယ်လို အခြေအနေရောက်ရောက် အပေးအယူလုပ်လို့မရတဲ့ ကိစ္စတွေ။
ဒါပေမယ့် အပေးအယူ လုပ်လို့ရတဲ့ ကိစ္စတွေရှိတယ်လေ၊ဦးထုတ်မဆောင်းဘဲ နေလို့ရတယ်လေ၊မုတ်ဆိတ်မထားဘဲ နေလို့ရတယ်လေ။ အဲလို ခွဲခြားပြီး မြင်နိုင်လောက်အောင် ကိုယ့်လူတွေမှာလည်း အသိကမရှိဘူး၊ ဟိုဘက်မှာလည်းမရှိဘူး။ အဲဒီတော့ တဖြည်းဖြည်း အချိန်ယူပြီးလုပ်ရမှာပေါ့ဗျာ။

မေး။     ။  ဘာသာရေး မှိုင်းမတိုက်ခံရအောင် ဘယ်လိုများ အချိန်ယူပြီး လုပ်သွားမလဲ။

ဖြေ။     ။  အယူမတူဘူး။ မတူရတဲ့ အကြောင်းက ဘာ့ကြောင့်လဲဆိုတာကို တံတားထိုးပြီးနားလည်ပေးတာ။ တံတိုင်းတွေ မဆောက်ဘူး။ အဲဒီစိတ်ဓာတ်လေးကို ငယ်ငယ်လေးကတည်းက ရိုက်သွင်းပေးဖို့အတွက် ကျွန်တော်တို့ (ကိုဖီအာနန် အစီရင်ခံစာမှာ) အကြံပြုခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစ္စလာမ်ကို၊ ခရစ်ယာန်ကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွားမယ်။ ကျွန်တော်တို မွတ်စလင်တွေကလည်း ဗုဒ္ဓဘာသာကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွားမယ်။ အဲဒီ ပြည်သူ့နီတိမှာ ခွင့်လွှတ်၊ သည်းခံတဲ့ နည်းလည်မှုပေးတဲ့ ဟာလေးတွေကို ထည့်သင်ဖို့။ ကျောင်းသားတွေတင်မဟုတ်ဘူး၊အရပ်သားတွေ၊  အစိုးရ ဝန်ထမ်းတွေ၊ ကာကွယ်ရေး ဝန်ထမ်းတွေကိုပါ အဲဒီ ကိုယ့်ဘာသာအကြောင်း ကိုယ်သိအောင်လုပ်။ ကိုယ်ကြည်ညိုလေးစားရတဲ့ သူက ကိုယ့် ကြည်ညိုလေးစားမှုကို အမြတ်ထုတ်ပြီးတော့ အသုံးချသွားတာရှိတယ်။ အဲဒါကြောင့် ကာလာမသုတ်က ငါ့ဆရာပြောလည်း မယုံနဲ့၊ ငါ့ကျမ်းပါလည်း မယုံနဲ့၊ ငါပြောရင်လည်း မယုံနဲ့ ၊ ရှေးစကားလည်း မယုံနဲ့၊ ငါဘုရား ပြောရင်တောင်မယုံနဲ့။ ဟုတ်မဟုတ် ဆန်းစစ်။  ဝိဘစ္စဝါဒ။ အဲဒါက အရေးအကြီးဆုံးပဲ။ ကုရ်အမ်ကလည်း အဲဒါပဲပြောတာ။      ။

 

Mizzima Weekly