ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် နှစ်ထောင်ကျော် နိုဝင်ဘာ လဝက်မှာ စတင်လက်ခံမယ်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် နှစ်ထောင်ကျော် နိုဝင်ဘာ လဝက်မှာ စတင်လက်ခံမယ်
ဓာတ္ပံု-AFP

နေပြည်တော်(အောက်တိုဘာ ၃၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပြီးခဲ့သည့်နှစ် ဩဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဆာ(ARSA)အဖွဲ့က စတင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ထွက်ပြေးခိုလှုံနေသည့် မွတ်ဆလင်ဒုက္ခသည် နှစ်ထောင်ကျော်ကို လာမည့် နိုဝင်ဘာလအတွင်း ပထမ အသုတ်အဖြစ် စတင်လွဲပြောင်းရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပသည့် ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲအလုပ်အဖွဲ့(Joint Working Group)ဆွေးနွေးပွဲအပြီး အင်္ဂါနေ့က ပြုလုပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန် Shahidul Haque နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ကြေငြာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်လည်း တက်ရောက်နေပြီး ပထမအသုတ်အဖြစ် ဒုက္ခသည် နှစ်ထောင်ကျော်ကို နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း နိုဝင်ဘာ ၁၅ရက်တွင် စတင်လက်ခံရန် သဘောတူညီမှု ရခဲ့သည်ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“နှစ်ထောင်ကျော်ကို အစီအစဉ်အတိုင်း ငါးခူရဘက်က လာမယ်ပြောသံကြားတယ်။ တစ်နေ့ကို ၁၅ဝပေါ့။ ၁၅ရက်နေ့ စမယ်လို့ ပြောတယ်။ နှစ်နိုင်ငံ သဘောတူညီမှု ရသွားပြီ” ဟု ဒေါက်တာဝင်းမြတ်အေးက ယနေ့ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။

ယခုနှစ်ဆန်းပိုင်းကတည်းက ဒုက္ခသည်များကို စတင်လက်ခံရန် စီစဉ်ခဲ့သော်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ညှိနှိုင်းမှုများ မကျေလည်သေးဘဲ ကြန့်ကြာနေခြင်း ဖြစ်သည်။

“အဲ့ဒီမှာ ကျွန်တော်တို့ဆီက ဒေါက်တာကိုကိုနိုင်(ဒုချုပ်)ပါတယ်။ သူတို့သွားပြီး အစည်းအဝေးလုပ်တဲ့ အခါ ကျတော့ ၁၅ရက်နေ့လောက်မှာ ၂ဝဝဝကျော်အတွက်ကို စပြီးတော့ ပြန်ပြီးတော့ နှစ်နိုင်ငံ သဘောတူ စာချုပ် အတိုင်း စမယ်လို့တော့ ပြောလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို စာတော့ တိုက်ရိုက်တော့ မရောက်ဘူး။ ကျွန်တော်တို့က စီစဉ်ရမှာပေါ့နော်။ အဲ့ဒါအထိပဲ ကျွန်တော်သိတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက  ဆိုသည်။

ဒုက္ခသည်များကို နိုဝင်ဘာလလယ်တွင် စတင်လက်ခံရန် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှု ရရှိသည်နှင့်တပြိုင်နက် ဒုက္ခသည်များ နေရပ်ပြန်ရန် မသင့်သေးကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုလာသည်။

ဒုက္ခသည်များ နေရပ်ပြန်ရန် အချိန်မတန်သေးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR)က ယူဆသည်ဟု ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephane Dujarric က ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေ နေရပ်ပြန်ရေး စတင်လုပ်ဆောင်ဖို့ ခိုင်မာတဲ့ အဖြေကို ရခဲ့ပါတယ်။ သူတို့တွေ နေရပ်ရင်းကို ပြန် လာမယ်ဆိုရင် ဌာနေမှာ အခုထိနေနေကြတဲ့ ကျန်နေတဲ့သူတွေနဲ့ ရောနှောပြီးနေသွားနိုင်တာမို့ သူတို့နေတဲ့ ရွာတွေမှာ ဘာပြဿနာမှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေဟာလည်း ခုထိ အဲဒီမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ်တွေ ရှိနေကြတာပါ” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ယမန်နေ့က ပူးတွဲသတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့ကြောင်း ဗီအိုအေ သတင်းတွင် ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲအလုပ်အဖွဲ့(Joint Working Group)ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ရှိ ဒုက္ခသည်စခန်းများသို့ ယနေ့ သွားရောက်မည် ဖြစ်သည်။

Mizzima Weekly