ငွေဆောင် ရွက်လှေအားကစားပြိုင်ပွဲတွင် မြန်မာကစားသမား ၁၈ ယောက်ဝင်ပြိုင်မည်

ငွေဆောင် ရွက်လှေအားကစားပြိုင်ပွဲတွင် မြန်မာကစားသမား ၁၈ ယောက်ဝင်ပြိုင်မည်

ရန်ကုန်၊ အောက်တိုဘာ ၃၀ ။                  ။ ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေတွင်ကျင်းပရန်ရှိနေသည့် Optimist Asian & Oceanian Championship ပြိုင်ပွဲ၌  မြန်မာကစားသမား ၁၈ ယောက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဖုန်းကျော်မိုးမြင့် ကပြောသည်။

နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဦးစီးပြီး ငွေဆောင် ကမ်းခြေတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၇ ရက်ထိ ၆ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ မြန်မာ့ ရွက်လှေသမိုင်းမှာ ဒီပွဲကတော့ အကြီးဆုံးပါပဲ။ Sea Game ထက်တောင်ပိုကြီးတယ်လို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံက ၁၆ နိုင်ငံပြိုင်မယ်။ အားကစားသမားက ၁၃၀။ နည်းပြတွေ မန်နေ ဂျာတွေပါထည့်လိုက်ရင်တော့ အားလုံးပေါင်း ၁၇၂ ယောက်လာကြမှာပေါ့။ အဲ့ထဲမှာ မြန်မာတွေလည်းပါတယ်” ဟု မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဖုန်းကျော်မိုးမြင့် ကပြောသည်။

Optimist Asian & Oceanian Championship ပြိုင်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ရုံးတွင် အောက်တိုဘာ ၃၀ ရက်နေ့သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှပါဝင်ယှဉ်ပြိုင်မည့် အားကစားသမား ၁၈ ဦးထဲမှ ၁၀ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၈ ဦးမှာ အမျိုးသမီးများဖြစ်ကြကြောင်း အသက်အရွယ်အားဖြင့် ပျမ်းမျှ ၁၂ နှစ်အရွယ်ရှိပြီး အသက်အငယ်ဆုံးမှာ ၁၁ နှစ်ဖြစ်ကြောင်းလည်း ရန်ကုန်ရွက်လှေသင်း အထွေထွေအတွင်းရေးမှူး ဦးမောင်ဝင်းကဆိုသည်။

“ Optimist ကအခြေခံဖြစ်တယ်။ သူ့ကိုနိုင်နိုင်နင်းနင်းစီးနိုင်ရင် နောက်တက်လာမယ့် အကုန်စီးလို့ရလာမယ်။ ပြောရရင်သူကအခြေခံ” ဟု ၄င်းကဆိုသည်။

မြန်မာအားကစားသမားများနေဖြင့် လက်ရှိတွင် ငွေဆောင်းခြေသို့ရောက်ရှိကာ လေ့ကျင့်မှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးမောင်ဝင်းကဆိုသည်။

မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပမည့် အဆိုပါပြိုင်ပွဲအတွက် စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ သိန်းခန့်ရှိမည်ဖြစ် ကြောင်းလည်းသိရသည်။

Mizzima Weekly