သစ်လုံးကြီးများကို လှေတော်ထွင်းထု၍ တနင်္သာရီ ရိုးရာနဂါးလှေအလှလှော်ခတ်ပွဲ အစဉ်လာ မပျက် ကျင်းပ

သစ်လုံးကြီးများကို လှေတော်ထွင်းထု၍ တနင်္သာရီ ရိုးရာနဂါးလှေအလှလှော်ခတ်ပွဲ အစဉ်လာ မပျက် ကျင်းပ

တနင်္သာရီ၊ အောက်တိုဘာ ၂၈ ။          ။ မြိတ်ခရိုင်အတွင်း အစဉ်အလာ ကြီးမားစွာ နှစ်စဉ် ကျင်းပပြုလုပ်နေကျ ၈၆၅ နှစ်မြောက် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သော တနင်္သာရီ ရိုးရာနဂါးလှေအလှလှော်ခတ်ပွဲကို အောက်တိုဘာလ ၂၈ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် ယင်း မြို့၏ မြစ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရိုးရာနဂါးလှေများ၏ ပုံသဏ္ဍာန်မှာ သဘာဝ သစ်လုံးကြီးများကို လှေတော်ထွင်းလုပ်၍ သားစဉ်မြေးဆက်  ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဖြစ် ထိန်းသိမ်းလှော်ခတ်လာသည့်တနင်္သာရီတိုင်း၏  ပြည်သူအားလုံးနှင့် သက်ဆိုင်သော၊စဉ်အလာ ကြီးမားသည့် ယဉ်ကျေးမှု ပြယုဂ်တစ်ခု ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော ပွဲတော်တစ်ခုလည်း ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

တနင်္သာရီစာပေနှင့် ယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ နေရွှမ်းဦးက“လွန်ခဲ့သော နှစ်ပေါင်းများစွာ ရှေးယခင်ကတည်းက တနင်္သာရီရဲ့ မြို့တည်ရာမှ အကူအညီပေးခဲ့တဲ့ နဂါးမင်းကို ပထမအဦးဆုံးကျေးဇူး ဆပ်တဲ့အနေဖြင့် ကျွန်တော်တို့ ဒီတနင်္သာရီ ပြည်တွင်းမှာ နဂါးလှေ ပုံသဏ္ဍာန်နဲ့ ပုံထွင်းပြီး ကျွန်တော်တို့ဒေသခံတွေ နှစ်စဉ်ကျင်းပလာတဲ့ ရိုးရာပွဲတစ်ခုလည်း ဖြစ်တယ်”ဟု ပြောသည်။

ယနေ့ မျက်မှောက်ခေတ်တွင် ရိုးရာနဂါးလှေအလှလှော်ခတ်ပွဲကို ကထိန်ပွဲ ရဟန်းခံ၊ ရှင်ပြု အလှူတော် မင်္ဂလာပွဲကို ကျင်းပနေစဉ်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်သည့်ပွဲလည်း ဖြစ်သည်။

ထူးခြားသည့် ရိုးရာ နဂါး လှေလှော်ပွဲ၌ အသုံးပြုသော နဂါးလှေမှာ ကြီးမား သည်၊ သဘာဝ သစ်လုံးကြီးကို ထွင်းထု၍ တည်ဆောက် ထားသည့် လှေဖြစ်ပြီး၊ လှေ ၁ စီးတွင် လှော်ခတ်သူ စုစုပေါင်း ၄၂ ဦး ပါဝင် လှော်ခတ်ကြောင်း ဒေသခံများထံမှ သိရ သည်။

တနင်္သာရီမြို့၊ ချောင်းကြီး ကျောင်းတိုက် သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီပ၏ သြဝါဒပြုမှုဖြင့် ရွှေနန်းသာရီ နဂါးလှေ၊ ငွေနန်းသာရီ နဂါးလှေ၊ ရန်ကြီးအောင် နဂါးလှေ၊ မြကြီးအောင် နဂါးလှေ၊ စိန်ပန်းသွယ် နဂါးလှေနှင့် ပတ္တမြားသွယ် နဂါးလှေတော် စုစုပေါင်း  (၆)စီး အမွေးနံသာများ ပက်ဖျန်းပြီးမှ လှေတော်များ စတင်လှော်ခတ် ကြသည်ဟု  ပွဲကျင်းပရေး ကော်မတီထံမှ သိရ သည်။

 

Mizzima Weekly