အိမ်အကူ ဒေါ်ကရင်မသေဆုံးမှု လာမည့်အပတ်တွင် ဆက်စစ်မည်

အိမ်အကူ ဒေါ်ကရင်မသေဆုံးမှု လာမည့်အပတ်တွင် ဆက်စစ်မည်
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က  ဒေါ်သင်္ဂီစုအား ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့စဉ်။

ရန်ကုန်၊ သြဂုတ်လ ၉ ။             ။ အိမ်အကူဒေါ်ကရင်မ သေဆုံးမှုအတွက် တရားလိုပြသက်သေ ၂ ဦးကို သြဂုတ်လ ၉ရက်ရုံးချိန်းတွင် စစ်ဆေးခဲ့ပြီး ကျန်ရှိသူများကို သြဂုတ်လ ၁၆ရက်နေ့၌ ဆက်လက်စစ်ဆေးမည်ဟု သိရသည်။

အဆိုပါ အမှုအတွက်တရားလိုပြသက်သေ ၂၉ ဦးတင်သွင်းထားပြီး ယနေ့ သြဂုတ်လ ၉ ရက်တွင် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သော ဒေါ်သိင်္ဂီစုကို ရုံးထုတ်ခဲ့ကာ တွ့ံတေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာမှ မျက်မြင်သက်သေ အမျိုးသမီးနှစ်ဦးကို သန်လျင်မြို့နယ်ရှိ၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ခတ္တိယကျေးရွာက တရားလိုပြမျက်မြင်သက်သေပေါ့။ ဒဏ်ရာတွေရလာတာကို တွေ့တယ်။ သူတို့ မျက်စိရှေ့ တင်သေသွားတယ်လို့ထွက်ဆိုခဲ့ကြတယ်။ မျက်မြင်သက်သေမိန်းကလေးနှစ်ယောက်ကို စစ်ခဲ့တာဖြစ်ပါတယ် ”ဟု ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်နေသော ပြည်ထောင်စု ဥပဒေအထောက်အကူပြုရေး အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုအား လူသတ်မှုပုဒ်မဖြစ်သည့် ပုဒ်မ- ၃ဝ၂ ဖြင့် ခရိုင်တရား ရုံးသို့ တရားစွဲတင်ပြီး စစ်ဆေးနေခြင်းဖြစ်ကာ တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးရန်အတွက် ခရိုင်တရားရုံးမှ လာမည့် သြဂုတ်လ ၁၆  ရက်နေ့အား ပြန်လည်ချိန်းဆိုလိုက်သည်။

 

 

Mizzima Weekly