ရေဘေးကြောင့် တနင်္သာရီမြို့ရှိ စာသင်ကျောင်း အချို့ ဖွင့်လှစ်နိုင်ခြင်းမရှိသေး

ရေဘေးကြောင့် တနင်္သာရီမြို့ရှိ စာသင်ကျောင်း အချို့ ဖွင့်လှစ်နိုင်ခြင်းမရှိသေး
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

ရန်ကုန် ၊ သြဂုတ် ၉ ။            ။ တနင်္သာရီ မြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့ရှိ စာသင်ကျောင်း ၂၂ ကျောင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကတည်းက စတင်ပိတ်ခဲ့ရပြီး ယနေ့ သြဂုတ်လ ၈ ရက်နေ့အထိ ပိတ်ထားရဆဲ ဖြစ်သည်ဟု တနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

“မြစ်ရေကြီးတာက နှစ်ကြိမ်ပေ့ါ။ ရေပြန်ကျသွားတဲ့အချိန်မှာတစ်ချို့ကျောင်းတွေပြန်ဖွင့်နိုင်တယ်။ ကျောင်း ၂၂ ကျောင်းကတော့ အခုထိမဖွင့်နိုင်သေးပါဘူး” ဟု ဦးအောင်ကျော်ဟိန်းကဆိုသည်။

ပိတ်ထားရဆဲ ကျောင်းများမှာ အထက်တန်းကျောင်း ၄ ကျောင်း ၊ အလယ်တန်း/အလယ်တန်းကျောင်းခွဲ ၅ ကျောင်း ၊ မူလတန်းလွန်ကျောင်း ၂ ကျောင်းနှင့် မူလတန်းကျောင်း ၁၁ ကျောင်း စုစုပေါင်း ၂၂ ကျောင်းဖြစ် သည်။

အဆိုပါ ၂၂ ကျောင်းအနက် အထက်တန်းကျောင်းတစ်ခု၏ ကျောင်းသားစာရင်းကို မရရှိသော်လည်း ကျန်ရှိသည့် ကျောင်းပေါင်း ၂၁ ကျောင်းတွင်း တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူပေါင်း ၈၂၆၇ ယောက်ရှိသည်ဟု ဦးအောင်ကျော်ဟိန်းထံမှ ရရှိသည့် စာရင်းအရ သိရှိရသည်။

တနင်္သာရီမြို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ပြီး ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံနေရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ရေများ ကျဆင်းမှုမရှိသေးပေ။ စတင်ရေကြီးခဲ့စဉ်က တနင်္သာရီမြို့ရှိ ကျောင်းပေါင်း (၆၅) ကျောင်းကို ပိတ်ထားခဲ့ရသော်လည်း လက်ရှိအချိန်တွင် တစ်ချို့ကျောင်းများ ပြန်လည်ဖွင့်လှစ် နေပြီဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့မှ စတင်ကာ တနင်္သာရီမြို့မှ လူ ၆၀၀၀ ကျော်သည် ရေဘေးရှောင်နေရပြီး သြဂုတ်လ ၂ ရက်နေ့ကလည်း မြစ်ရေပြန်လည်မြင့်တက်လာခြင်းကြောင့် ရေဘေးရှောင်များအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်။

လက်ရှိတွင် တနင်္သာရီမြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် ၁၃၀၀ ခန့်နေထိုင်ကြပြီး ကျန်အများစုမှာ နီးစပ်ရာဆွေမျိုးအိမ်နှင့် ဘုန်းကြီးကျောင်းများတွင်နေထိုင်ကြပြီး နေ့စဉ်စားဝတ်နေရေးအတွက် အလှူရှင်များကို အားထားရသည့်အခြေအနေဖြစ်နေသည်။

 

Mizzima Weekly