တာဝန်ကျရဲဝန်ထမ်းများကို တိုက်ခိုက်ကာ အချုပ်ခန်းဖောက်ပြေးမှု တမူးရဲစခန်း၌ ဖြစ်ပွား

တာဝန်ကျရဲဝန်ထမ်းများကို တိုက်ခိုက်ကာ အချုပ်ခန်းဖောက်ပြေးမှု တမူးရဲစခန်း၌ ဖြစ်ပွား

တမူး၊ သြဂုတ် - ၁၀ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မရဲစခန်း၌ တာဝန်ကျရဲဝန်ထမ်းများကို တိုက်ခိုက်ကာ အချုပ်ခန်းဖောက်ပြေးမှု တစ်ခု ဖြစ်ပွားခဲ့သည်။

တမူး-ကလေး ကားလမ်းမပေါ်တွင် ခြောက်လုံးပြူးသေနတ်နှင့်မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းမိရပြီး ၂ ရက်အကြာဖြစ်သော သြဂုတ်လ ၉ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် အချုပ်ခန်းအဖောက်ခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးတရားခံ ၇ ဦးတို့သည် အချုပ်ခန်းဗူးတံခါး သစ်သားတံတိုင်းအား သံဖြတ်လွှဖြင့်ဖြတ်၍ အချုပ်ခန်းအပြင် လျှောက်လမ်းသို့ ထွက်ခွာခဲ့ပြီး အချုပ်ကင်း တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များအား ထိုးကြိတ်ရိုက်နှက်၍ ထွက်ပြေးခဲ့သည်။ ယင်းတို့ကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံလုံးထွေးဖမ်းဆီး ရာအချုပ်သား ၄ ဦးကို ဖမ်းမိခဲ့ပြီး ကျန်အချုပ်သား ၃ ဦးမှာ အချုပ်ခန်းဘေးပတ်ပတ်လည်တွင် ကာရံထားသည့် သံဇကာများအား ဖျက်ဆီးကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

"ဖြစ်တာကတော့ မနေ့က မနက်ပိုင်းလောက်ကပါ။အချုပ်တာဝန်ကျရဲတပ်ဝင်တွေကို ထိုးကြိတ်ပြီး ထွက်ပြေး တာကနေ ပြန်လည်လိုက်ဖမ်းဆီးတယ်။အချုပ်သား ၇ ဦးအနက် ၄ ဦးပြန်မိတယ်။ဖမ်းဆီးတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင် တွေ ပွန်းပဲ့ဒဏ်ရာတွေရခဲ့ပါတယ်။ကျန် ၃ ဦးကတော့ လွတ်မြောက်နေတယ်"ဟု တမူးမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထွက်ပြေးလွတ်မြောက်နေသည့် အချုပ်သား ၃ ဦးအား ပြန်လည်ဖမ်းဆီးရမိရေးအတွက် တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင်သော်ဦးဆောင်သည့် အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်သန်းဦးဆောင်သည့်အဖွဲ့နှင့် တမူးမြို့မရဲစခန်းမှ ဦးဆောင်သည့်အဖွဲ့တို့မှ စုပေါင်းပြီး ဖြန့်ခွဲ၍ လိုက်လံပိတ်ဆို့ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Mizzima Weekly