ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အလျင်အမြန်စတင်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သဘောတူ

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အလျင်အမြန်စတင်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သဘောတူ
Photo - AFP

ရန်ကုန် ၊ သြဂုတ် ၁၁ ။            ။ ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး အစီအစဉ်များကို အလျင်အမြန် စတင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရ အာဏာပိုင်များက သဘောတူလိုက်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေဦးဆောင်သည့်အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့အပြီး အထက်ပါ သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာတွင် ထွက်ပြေး သွားသူများကို မိမိဆန္ဒအလျောက် လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်လည်လက်ခံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရန် နှစ်နိုင်ငံအကြား တိုက်ရိုက် အဆက်အသွယ်မှု ပြုနိုင်မည့် HOTLINE တစ်ခုထူထောင်ထားပြီးဖြစ်သည်ဟု ပါရှိသည်။

ယင်းအပြင် နှစ်နိုင်ငံ သဘောတူထားသည့် စိစစ်ရေးပုံစံများကို ကော့(ဇ်)ဘဇားတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာ သူများထံဖြန့်ဝေပြီး ပုံစံများကို ၎င်းတို့ကိုယ်တိုင် ဖြည့်စွက်နိုင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား အထူးသဖြင့် နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာနိုင်ငံပိုင်နက် ခြံစည်းရိုးအကြား နေထိုင်သူများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား ပြန်လည်လက်ခံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ပြုလုပ်သွားမည်ဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးအပ်ရေးကို သဘောတူညီမှုရရှိခဲ့သည်။

ယင်းအပြင် နေရပ်စွန့်ခွာသွားသူများကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ ထုတ်ပေးထားသည့် သက်သေခံလက်မှတ်များပေါ်တွင် အသုံးပြုထားသည့် အသုံးအနှုန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြန်လည်ပြင်ဆင်ပေးရန် သဘောတူခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံသဘောတူညီချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စနင်လက်ခံရန်ဖြစ်ပြီး အစိုးရနှစ်ခုအကြား အချက်အလက်ပေးပို့မှုမှားယွင်းခြင်းကြောင့်  နှောင့်နှေးနေခြင်း ဖြစ်ကာ ယခုလိုတွေ့ဆုံပြီး  အလျင်မြန်စတင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

 

 

Mizzima Weekly