မြိတ်ကမ်းနားလမ်းတစ်လျှောက် အမှိုက်များ စုပေါင်းကောက်ယူလှုပ်ရှားမှု ပြုလုပ်

မြိတ်ကမ်းနားလမ်းတစ်လျှောက် အမှိုက်များ စုပေါင်းကောက်ယူလှုပ်ရှားမှု ပြုလုပ်

မြိတ်၊ သြဂုတ်လ ၁၁ ။           ။ “TRASH HERO” (ကျွန်ုပ်က အမှိုက်ကောက်တဲ့ သူရဲကောင်းပါ) ဟု စာတန်းပါ T ရှပ်အကျႌများကို ဝတ်ဆင်၍ လူဦးရေ ၁၀၀ ခန့်က သြဂုတ်လ ၁၁ ရက်နေ့မှာ မြိတ်ကမ်းနားလမ်းတစ်လျှောက်တွင် စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြိတ်ပတ်ဝန်းကျင်း သန့်ရှင်းဖို့ ၀ိုင်းဝန်း ပါဝင်ကြစို့” ခေါင်းစဉ်ဖြင့် TRASH HERO MYANMAR မှ အဖွဲ့သားများ၊ မြိတ်စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးဝန်ထမ်းများ၊ မြိတ်ဒေသခံ ခရီးသွားဧည့်လမ်းညွန်များအသင်း၊ မြိတ်တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ပရဟိတအဖွဲ့စည်းများဖြင့် စုပေါင်းအမှိုက်ကောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်ဒေသခံ ခရီးသွား ဧည့်လမ်းညွန်များ အသင်းမှ ဥက္ကဋ္ဌ ဦးအောင်ကိူထွေးက “ကျွန်တော်တို့က TRASH HERO MYANMAR မှ ဖွဲ့ပေးတဲ့ TRASH HERO MYEIK ဆိုတဲ့ အဖွဲ့ကို ဖွဲ့ပြီး၊ စုပေါင်းအမှိုက်ကောက်တာပါ၊ နောက်ဆိုရင် ကျွန်းတွေမှာအထိ လာမယ့် ခရီးသွားရာသီမှာ ဧည့်သည်တွေ ဝင်လာရင် အမှိုက်မပစ်ဖို့ အမှိုက်ကောက်တဲ့ ကမ်ပိန်းတွေ ထပ်လှုပ်ရှားဖို့ ရှိပါတယ်၊ ဒီနေ့ ဆိုလျှင် ပထမဦးဆုံးအနေနဲ့ကမ်းနားလမ်းမှာ စပြီး ကောက်တာပါ”ဟု ပြောသည်။

TRASH HERO MYANMAR သည်၊ မြန်မာနိုင်ငံတဝှမ်းတွင် အမှိုက်ကောက်လှုပ်ရှားမှုကို မြိတ်မြို့ အပါအဝင် မြို့ကြီး ၁၀ မြို့မှာ လိုက်လံပြုလုပ်လျှက်ရှိပြီး၊ အသိပညာပေးခြင်းကို သက်ဆိုင်ရာ မြို့နယ် အလိုက် တက္ကသိုလ်များ၊ စာသင်ကျောင်းများနှင့် ပြင်ပ အရပ်ဖက်အဖွဲ့စည်းများနဲ့ ချိတ်ဆက်၍ ပြုလုပ်နေကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။

မြိတ်နည်းပညာ တက္ကသိုလ်မှ ကျောင်းသား မောင်နိုင်လင်းဦးက “ကျွန်တော်က အခု လက်ရှိ ကျောင်းတစ်ဖက် နဲ့ ဂိုက်လုပ်ငန်းကို စိတ်ဝင်စားလို့ ဒီက အစ်ကိုတွေနဲ့ လာရောက်ပူးပေါင်း ဖြစ်တာပါ၊ မြိတ်ဒေသခံခရီးသွား ဧည့်လမ်းညွန်များအသင်းက အမှိုက်ကောက်လှုပ်ရှားမှုကို ဦးဆောင်နေတာ တွေ့ရလို့ ကျွန်တော်လည်း ပူးပေါင်း ပါဝင်ချင်စိတ် ရှိလာလို့ အမှိုက်ကောက် လှုပ်ရှားမှုမှာ ပါဝင်ဖြစ်တယ်”ဟု ပြောဆိုသည်။

မြိတ်မြို့တွင် မြိတ်စည်ပင်သာယာရေး ကော်မတီအဖွဲ့သည်၊ လက်ရှိမှာ လုပ်ဆောင်မှုမှာ အားရကြေနပ်မှု ရှိနေပြီး၊ ဒီထက်မက အများကြီး လုပ်ဆောင်ဖို့ လိုအပ်ေနေသေးကြောင်း၊ ဖြစ်နိုင်ရင် ရပ်ကွက်တိုင်း၊ လမ်းတိုင်း မှာ အမှိုက်ပုံးတွေ အများကြီးချထားပေးဖို့ လိုနေသေးကြောင်း၊ ဒါမှ ပြည်သူတွေအနေနဲ့လည်း ဒီထက်ပိုပြီး စည်းကမ်းရှိလာနိုင်ကြောင်း မြိတ်တက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများက မှတ်ချက်ပြု ပြောထားသည်။

“ညီမက အခုလိုမျိုး ပူးပေါင်းပါဝင်အမှိုက်ကောက်ဖြစ်တာက ညီမတို့ မြိတ်ဒေသကို သန့်ရှင်းသာယာ စေချင်တယ်။ လူတွေရဲ့ အလွယ်တကူ စည်းကမ်းမဲ့အမှိုက်ပစ်တတ်တဲ့ အကျင့်လေးတွေကို အခုလိုမျိုး အမှိုက်ကောက်ခြင်းဖြင့် ပြုပြင်ပြောင်းလွှဲပစ်ရမယ်လို့ ထင်ပါတယ်”လို့ မြိတ်တက္ကသိုလ် အင်္ဂလိပ်စာ ကျောင်းသူ မမျိုးမျိုးအိက ပြောသည်။

အဆိုပါ စုပေါင်း အမှိုက်ကောက်ခြင်းကို FAUNA & FLORA INTERNATIONAL (FFI) မှ ပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်သည်။