မြိတ်တွင် ထူးကဲဒီရေတက်၍ သစ်ယာဝကျေးရွာ၌ အိမ်ခြေ ၆ လုံးခန့် ပျက်စီး

မြိတ်တွင် ထူးကဲဒီရေတက်၍ သစ်ယာဝကျေးရွာ၌ အိမ်ခြေ ၆ လုံးခန့် ပျက်စီး

မြိတ်၊ သြဂုတ်လ ၁၃ ။        ။ တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စု သဗျာကျေးရွာတွင် ထူးကဲဒီရေ တက်၍ လှိုင်းရိုက်ခတ်မှု ကြောင့် သြဂုတ်လ ၁၃ ရက်နေ့တွင် လူနေအိမ် ၆ လုံးခန့် ပျက်စီးကာ တံတားများလည်း ကျိုးပဲ့သွားကြောင်း ယင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပင်လယ်ဒီရေ မြင့်တက်၍ မြိတ်မြို့ပေါ်တွင်လည်း လမ်းများရေကျော်ခြင်းအပြင် မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရှိ နောက်လယ်ရပ်ကွက်၊ မြိတ်တောင်နယ်မြေနှင့် မြိတ်တောင်ကျေးရွာတို့တွင် ရေကြီး နစ်မြုပ်မှု ဖြစ်ပွားကာ၊ သစ်ယာဝကျေးရွာအုပ်စု၊ သဗျာကျေးရွာတွင် လူနေအိမ် ၁ လုံး ပျက်စီးသည့် အပြင် လူနေအိမ် ၅ လုံး ပြိုလဲခဲ့ကြောင်း သိရသည်။

“ဒီရေလှိုင်းရိုက်လို့ အိမ် ၁ လုံးကတော့ လုံးဝပျက်စီးသွားပါတယ်၊ နောက်ထပ် လူနေအိမ် ၅ လုံးက ပြိုကျသွားသည့်အပြင် ကမ်းနားပတ်လမ်းတံတားလည်း ပျက်စီးသွားတယ်”လို့ သစ်ယာဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။

ဒီရေလှိုင်းပုတ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဗျာကျေးရွာသို့ သစ်ယာဝကျေးရွာမှ ရေကြောင်းခရီးဖြင့် မီနစ် ၃၀ ခန့် သွားရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည့် သဗျာကျေးရွာသည်၊ ပင်လယ်ပြင် ကမ်းနားစပ်တွင် တည်ရှိကာ အိမ်ခြေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။