တပ်မတော် အုပ်ချုပ်ရေးကာလကို “ပညာရေးအမှောင်ခေတ်” ဟု သုံးနှုန်းသည့်အမတ် ကန့်ကွက်ခံရ

တပ်မတော် အုပ်ချုပ်ရေးကာလကို “ပညာရေးအမှောင်ခေတ်” ဟု သုံးနှုန်းသည့်အမတ် ကန့်ကွက်ခံရ
 (ဓာတ်ပုံ- သူရ/မဇ္ဈိမ)

နေပြည်တော်၊ ဩဂုတ် ၁၄ရက်၊ ၂၀၁၈ခုနှစ်)။   ။ တပ်မတော်အစိုးရ အုပ်ချုပ်ရေးကာလဖြစ်သော ၁၉၈၈ခုနှစ် နှောင်းပိုင်းကာလကို ‘ပညာရေးအမှောင်ခေတ်’ ဟု ဆွေးနွေးခဲ့သည့် အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦး၏ အသုံးအနှုန်းသည် ထိုစဉ်က အစိုးရကို ပြက်ရယ်ပြု၊ ရှုတ်ချသည်ဟုဆိုကာ အတိုက်အခံအမတ်က ကန့်ကွက်သည့်ဖြစ်စဉ် ဩဂုတ် ၁၄ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြစ်ပွားခဲ့သည်။

အခြေခံပညာရေးကဏ္ဍတွင် အမျိုးသားဆရာဦးရေ သိသာစွာကျဆင်း နေသည့်အတွက် အမျိုးသားဆရာဦးရေ တိုးချဲ့ခန့်ထားရန် သင့်လျော်သော အစီအစဉ်များ ဆောင်ရွက် ထားခြင်း ရှိ၊ မရှိ တောင်တွင်းကြီးမြို့နယ်အမတ် ဦးမင်းသိန်းက လွှတ်တော်တွင် အစိုးရကို မေးခွန်းထုတ်ခဲ့သည်။

မေးခွန်း မေးမြန်းစဉ် ဦးမင်းသိန်းက “ကျောင်းဆရာဦးရေ လျော့ပါးလာတာဟာ ၁၉၈၈ခုနှစ်နောက်ပိုင်း ကာလတွေမှာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။ ‘ပညာရေးအမှောင်ခေတ်’ ကြီးမှာ ကျောင်းဆရာလောကကို စိတ်နာပြီး ပညာရေးလောကကို ထွက်ခွာသွားခဲ့ကြတဲ့ ဆရာဦးရေ များပြားစွာ ရှိပါတယ်” ဟု ထည့်သွင်း ဆွေးနွေးသည်။

အဆိုပါ အသုံးအနှုန်းသည် ထိုစဉ် အစိုးရ၏ ဂုဏ်သရေကို ထိခိုက်စေသည်ဟုဆိုကာ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့်က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“တပ်မတော်အစိုးရကာလကို ပညာရေးအမှောင်ခေတ်ဆိုပြီးတော့မှ ပြောသွားတာကို ကျနော် ကန့်ကွက်တာပါ။ ဒီလို မဆီလျော်တဲ့ စကားလုံး အသုံးအနှုန်း ပြီးခဲ့တဲ့ အစိုးရအပေါ်မှာ ပြက်ရယ်ပြုတဲ့ အသုံးအနှုန်း၊ ရှုတ်ချတဲ့ အသုံးအနှုန်းတွေကို လွှတ်တော်က မှတ်တမ်းတင်ထားမယ်ဆိုရင် ကျနော်တို့ လွှတ်တော်လည်း မကောင်းပါဘူး” ဟု ဦးမောင်မြင့်က လွှတ်တော်သို့ တင်ပြသည်။

ထိုသို့ တင်ပြချက်အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ‘ပညာရေးအမှောင်ခေတ်’ ဆိုသည့် စကားရပ်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သလို မေးခွန်းရှင် ဦးမင်းသိန်းကိုလည်း သတိပေးစကား ဆိုခဲ့သည်။

“နောင်ကျရင် မဆီလျော်တဲ့ စကားအသုံးအနှုန်းတွေကို မသုံးမိဖို့၊ ဂရုပြုဖို့ အသိပေးလိုပါတယ်” ဟု  ဦးတီခွန်မြတ်က ပြောသည်။

ဦးမင်းသိန်းကမူ ၎င်းအနေဖြင့် ပညာရေးအမှောင်ခေတ်ဟု သုံးနှုန်းရခြင်းမှာ “အခွင့်အလမ်းနည်းတာကိုး။ ကျောင်းဆရာတစ်ယောက်ရဲ့ လစာ၊ သူ့ရဲ့ နေရေး၊ ထိုင်ရေးဟာ ၈၈နောက်ပိုင်းမှာ ပိုဆိုးသွားခဲ့တာလေ။ ခုမှ ပြန်ပြီး ပညာရေးအသုံးစရိတ်က မြင့်လာတာ။ အဲ့ဒီဟာကို ဆိုလိုတာပါ။ အမှောင်ခေတ်ရဲ့ သဘောက လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးတာလည်း အမှောင်ခေတ်ပဲ။ စစ်မှန်တဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးတာလည်း အမှောင်ခေတ်ပဲ။ ပညာရေးအခွင့်အလမ်းတွေ ကင်းမဲ့တာလည်း အမှောင်ခေတ်ပဲ။ ပညာနဲ့ လုပ်ကိုင်စားနိုင်တဲ့ဟာကလည်း အမှောင်ခေတ်ပဲ။ ပညာရေးအသုံးစရိတ် နည်းပါးတာလည်း အမှောင်ခေတ်ပဲ။ အဲ့ဒါကို ရည်ရွယ်လိုက်တာ” ဟု လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များကို ပြောသည်။

တပ်မတော်အရာရှိဟောင်းတစ်ဦးလည်းဖြစ်သူ ဦးမောင်မြင့်ကမူ တပ်မတော်အစိုးရအနေဖြင့် ပညာရေးတွင် အကောင်းဆုံးကြိုးစားခဲ့ပြီး မြန်မာနိုင်ငံတွင် ပညာရေးအမှောင်ကာလ မရှိခဲ့ကြောင်း လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောဆိုခဲ့သည်။

“တပ်မတော်အစိုးရလက်ထက်မှာ ကိုယ်တို့လည်း ပါဝင်ခဲ့တယ်။ သူလည်း ကောင်းအောင်တော့ ကြိုးစားခဲ့တာပဲ။ အဲ့တော့ ပညာရေးပေါ်လစီတွေ ချမှတ်တာတွေကတော့ ကောင်းမယ်ထင်လို့ ကြိုးစားခဲ့ပေမယ့် လက်တွေ့ မအောင်မြင်တာ၊ အောင်မြင်တာကတော့ တပိုင်းပေါ့။ အဲ့တော့ ပညာရေးအမှောင်ကာလဆိုတာကတော့ တကယ်တမ်း ပြောလို့ရှိရင်တော့ ဥရောပတို့ ဘာတို့မှာတော့ အဲ့လို ပညာရေးအမှောင်ကာလ ကျခဲ့တာရှိတယ်။ မြန်မာနိုင်ငံမှာတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

ပညာရေးကဏ္ဍတွင် ကျောင်းဆရာဦးရေမှာ ၂ဝရာခိုင်နှုန်းအောက်ပင် လျော့နည်းနေပြီး လက်ရှိတွင်လည်း ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်များကို လျှောက်ထား၊ သင်ကြားကြသည့် ကျောင်းသားများ အလွန်ရှားပါးနေကြောင်း ၁၉၈၁ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ အထက်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်ခဲ့ဖူးသူ ဦးမင်းသိန်းက ဆိုသည်။

“တက္ကသိုလ်ဝင်တန်း အောင်လာတဲ့ ကျောင်းသားတစ်ယောက်ကို မင်း ပညာရေးတက္ကသိုလ် လျှောက်မှာလား၊ စစ်တက္ကသိုလ် လျှောက်မှာလား၊ စက်မှုတို့၊ ဆေးတို့ လျှောက်မှာလားဆိုရင် အာဏာ၊ ပါဝါ၊ အသပြာမရှိတဲ့ ကျောင်းဆရာဘဝကို မမက်မောတော့ပါဘူး” ဟုလည်း ဦးမင်းသိန်းက လွှတ်တော်တွင် ပြောဆိုသည်။

ပညာရေးကဏ္ဍတွင် ကျောင်းဆရာဦးရေ အလွန်နည်းပါးနေခြင်းကြောင့် လူငယ်အမျိုးသားများအနေဖြင့် ကျောင်းဆရာအလုပ်ကို စိတ်ဝင်စားကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုုလ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မကြာခန တိုက်တွန်းပြောကြားလေ့ ရှိသည်။

လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံပေါင်း ၂၅၀၀၀ နီးပါးသုံးစွဲရန် အစိုးရက လျာထားပြီး အသုံးစရိတ်စုစုပေါင်း၏ ၈ဒဿမ ၇၂ရာခိုင်နှုန်းကို ပညာရေးကဏ္ဍတွင် သုံးစွဲသွားမည် ဖြစ်သည်။

 

Mizzima Weekly