လူမုန်းများသော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရဲရဲဝံ့ဝံ့လုပ်မည်

လူမုန်းများသော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရဲရဲဝံ့ဝံ့လုပ်မည်
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ အောက်တိုဘာလ ၂၈ ။           ။အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းအား လူမုန်းများသည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရဲရဲဝံ့ဝံ့ တာဝန် ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ဦးသန့်ဇော်က ပြောသည်။

" တကယ့်တကယ်ကျတော့ အားလုံးကို ကျွန်တော်အခုမေးမယ်။ ဒီလိုတိုက်ဖျက်တာ မကောင်းဘူးလား၊ မသင့် တော်ဘူးလားဆိုရင် အားလုံးက  ရာနှုန်းပြည့်ကောင်းတယ်လို့ ထောက်ခံမှာပါ။ လုပ်မလားဆိုရင် လုပ်မှာပေါ့လို့ ကျွန်တော်မေးလည်း ဒီအတိုင်းပဲဖြေမှာပဲ။ ဒါပေမယ့် တကယ်တိုက်ဖျက်ပြီးဆိုရင် လူမုန်းများမှာပဲ။ မကြိုက်ပါ ဘူး။ လူမုန်းများသည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့က ဝန်ထမ်းတွေဖြစ်တဲ့အတွက် ဒီတာဝန်၊ ဒီနေရာမှာ တာဝန်ယူဆောင်ရွက်နေတာဖြစ်တဲ့အတွက် ရဲရဲဝံ့ဝံ့နဲ့ လုပ်သွားမယ်"ဟု ဦးသန့်ဇော်က ပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က ရန်ကုန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်း ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် နည်းဥပဒေများအကြောင်း ဟောပြောပွဲတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်မှ လုပ်ကိုင်ဆောင်ရွက်နေမှုများသည် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား တိုက်ဖျက်နေခြင်းမဟုတ်ဘဲ အကျင့်ဆိုး၊ စနစ်ဆိုးများကို တိုက်ဖျက်နေခြင်းသာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

" စဉ်းစားကြည့်လိုက်တိုင်းမှာ စနစ်တစ်ရပ်အနေနဲ့ အမြစ်တွယ်၊ ခြစားနေတဲ့ စနစ်ဆိုး၊ အကျင့်ဆိုးကို ကျွန် တော်တို့၊ ခင်ဗျားတို့ တိုက်ဖျက်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဦးဆောင်တဲ့ နေရာဟာ လက်ရှိ ကျွန်တော်တို့ အတွက်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သားသမီး၊ မြေးမြစ်ဖြစ်တဲ့ မျိုးဆက်သစ်တွေအတွက်ဖြစ်ပါတယ်"ဟု ဦးသန့်ဇော်က ဆိုသည်။

အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေအား ၁၉၄၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ရာဇသတ်ကြီးနှင့် ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို စတင်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် အထူးစုံစမ်းစစ်ဆေးရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ် ယူမှုများနှင့် စပ်လျဉ်း၍ ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေး အက်ဥပဒေ၊ ငွေကြေားခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အပါအဝင်မြန်မာနိုင်ရှိ ဥပဒေ ၂ဝ ကျော်တွင် အဆိုပါ ပြဋ္ဌာန်းချက်များအား ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။

၂ဝ၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၁၉၄၈ ခုနှစ်၊ အဂတိ လိုက်စားမှုတားမြစ်ရေး အက်ဥပဒေကို ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင် အခန်း ၁၁ ခန်းရှိပြီး ပုဒ်မ ၇၃ ခုပါဝင်ကာ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေကို ၄ ကြိမ်ထိ ပြင်ဆင်ပြီးဖြစ်ကြောင်းသိရသည်။

       

 

Mizzima Weekly