တဲအတွင်း လူ ၃ ဦး မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ ၁ ဦး သေဆုံး

တဲအတွင်း လူ ၃ ဦး မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ ၁ ဦး သေဆုံး
 ဓာတ်ပုံ-မိုးကြိုးပစ်ခံရသောနေရာအားတွေ့ရစဉ်။

မြိတ်၊ အောက်တိုဘာ ၂၇ ။  ။ တနင်္သာရီတိုင်း၊ မြိတ်မြို့၊ စန္ဒာဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ၊ သုဝဏ္ဏရပ်ကွက်၊ အစိုးရနည်းပညာအထက်တန်းကျောင်းအနီးရှိ တဲအတွင်း မိုးခိုနေသည့် အမျိုးသား ၃ ဦး မိုးကြိုးပစ်ခံရကာ ၁ ဦး သေဆုံးခဲ့သည်။

အခင်း ဖြစ်ပွားပုံမှာ အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်း ၂ နာရီခန့်အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထက်ပါကျောင်းအနီးရှိ တဲ တစ်လုံးတွင် ဝင်ရောက်မိုးခိုရာမှ မိုးကြိုးထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာရှိ ဒေသခံပြည်သူ များထံမှ သိရသည်။

စန္ဒာဝတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက“မနေ့က ကျောင်းနားမှာ ဖြစ်တာပါ၊ မိုးကြိုး ပစ်ခံရတာက ၃ ယောက်အနက် အသက် ၂၀ နှစ်ကျော် ၁ ယောက်ကတော့ ဆေးရုံအရောက်မှာ ဆုံးသွားတယ်”ဟု ပြောသည်။

ကျန် ၂ ဦးမှာ ထုံကျင်ဒဏ်ရာများ ရရှိကာ မြိတ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူရာမှ ပြန်လည် သက်သာသွားပြီး၊ သေဆုံးသူ ထက်ကိုလင်း အသက် ၂၁ နှစ်အား လူကယ်/ ပြန်ဌာနမှ ထောက်ပံ့ကြေး ၃ သိန်းကို လာရောက်ပေးအပ်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိအချိန်တွင် ထက်ကိုလင်း သေဆုံးမှုအား မြိတ်မြို့နယ် ရဲစခန်းရုံးမှ သေမှုသေခင်း အမှတ်စဉ်(၄၇/၂၀၁၈) ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။

 

Mizzima Weekly