ဘုတ်ပြင်းတွင် ၆ နှစ်သား တောဆင်ရိုင်းအထီး ၁ ကောင် သေဆုံးလျှက် တွေ့ရှိ

ဘုတ်ပြင်းတွင် ၆ နှစ်သား တောဆင်ရိုင်းအထီး ၁ ကောင် သေဆုံးလျှက် တွေ့ရှိ

ဘုတ််ပြင်း၊ အောက်တိုဘာ ၂၇ ။         ။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ၀ါးချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီးတွင် အောင်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆ နှစ်သား ခန့်ရှိ တောဆင်ရိုင်း အထီး ၁ ကောင်ကို သေဆုံး နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

၎င်းတောဆင်ရိုင်းသည်၊ ဘုတ်ပြင်းမြို့နယ်၊ ၀ါးချောင်း ကျေးရွာရှိ ဘုန်းတော်ကြီးကျာင်း၏ တောစပ် အနီးတွင် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုလိုက် အစာရှာလာရောက်ခြင်း ဖြစ်ပြီး၊ ဆင်ပေါက်လေးသည်၊ လမ်းလျှောက်နိုင်ခြင်း မရှိဘဲ ကျန်းမာရေး မကောင်း၍ မိခင်ဆင်မမှ  နှာမောင်းဖြင့် ယက်ခေါ်ရာမှ ကျန်ခဲ့ခြင်း ဖြစ်ပြီး၊ နံနက် ၆ နာရီ အချိန်တွင် ဆရာတော်မှ သွားရောက် ကြည့်ရှုရာ သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

ပြည်ကြီးမဏ္ဍိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းက“ဆရာတော် အကြောင်းကြားလို့ ကျွန်တော်တို့ အဖွဲ့စည်းအစုံနဲ့ သွားစစ်ဆေးတော့ ဆင်လေးက ၆ နှစ်သားလောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်၊ သေဆုံးနေတာနဲ့ ပတ်သက်ပြီး သစ်တောမှ စစ်ဆေးချက်အရ ကျန်းမာရေး မကောင်းလို့ သေဆုံးတာ ဖြစ်တယ်”ဟု ပြောသည်။

ဘုတ်ပြင်းမြို့နယ် လေညာအမျိုးသား ဥယျာဉ်အနီးတွင် ကျေးရွာများ၊ ဥယျာဉ်ခြံများ အတွင်းနှင့် ဆီးအုန်းခြံများ အတွင်းသို့ တောဆင်ရိုင်းများ မကြာခဏ လာရောက်နေခြင်း ဖြစ်ပြီး၊ တခါတရံ ဥယျာဉ်ခြံမြေများ ဖျက်ဆီးခံရသည့် ဒေသခံအချို့မှာ တောဆင်ရိုင်းနင်းခံရမှု ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

အထက်ပါ သေဆုံးလျက် တွေ့ရှိရသည့် တောဆင်ရိုင်းအား သစ်တော၊ တိမွေး/ကု၊ ရဲတပ်ဖွဲ့၊အုပ်ချုပ်ရေးမှူးနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်များမှ ကြည့်ရှု့ စစ်ဆေးကာ မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။