ခန္တီးမြို့နယ်၊တိုက်တီးကျေးရွာတွင် လူ (၁၀၀)ကျော် ရာသီတုပ်ကွေးဖျားနာမှု ဖြစ်ပွား

ခန္တီးမြို့နယ်၊တိုက်တီးကျေးရွာတွင် လူ (၁၀၀)ကျော် ရာသီတုပ်ကွေးဖျားနာမှု ဖြစ်ပွား

ကလေး၊သြဂုတ် - ၁၅ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် တိုက်တီးကျေးရွာတွင် လူဦးရေ (၁၀၀)ကျော် ရာသီတုပ်ကွေးဖျားနာမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်များ အများဆုံး ဖြစ်ပွားခဲ့ကြောင်း တိုက်တီး ဒေသခံများက ဆိုသည်။

ရာသီတုပ်ကွေဖြစ်ပွားမှုကို ဩဂုတ်လဆန်းပိုင်း၌ အနည်းအငယ်စတင်ဖြစ်ပွားခဲ့ပြီး ၁၃ ရက်နောက်ပိုင်း ဖြစ်ပွားမှု ပိုမိုများလာကာ မိုးများသည့်ဒေသဖြစ်သောကြောင့် ကလေးများတွင် အများဆုံး ဖြစ်ပွားခဲကြောင်း တိုက်တီး ကျေးရွာမှ ဦးမောင်မောင်က ဆိုသည်။

" ဒီမှာက မိုးကောင်းတယ်။ ရွာနဲ့ နည်းနည်းအလှမ်းဝေးတဲ့ ကျောင်းကိုသွားတက်ရတဲ့အတွက် ကလေးတွေက မိုးမိပြီးဖျားကုန်တယ်။ ကျောင်းသားတိုင်း ထီးပါပေမဲ့ မိုးမလုံပါဘူး။ နှစ်တိုင်းတော့ မဖြစ်ဖူးဘူး ဒီနှစ်မှ အများဆုံး ဖြစ်တာ မနေ့ကတည်းက ခန္တီးတပ်ဆေးရုံက ဆရာဝန်တွေ၊သူနာပြု ဆရာမတွေရောက်လာပြီး ဆေးကုတာတွေ ဘာတွေလုပ်ပေးနေတယ်ဟု" တိုက်တီးကျေးရွာမှ ဦးမောင်မောင်မှ မဇ္ဇျိမသို့ ပြောသည်။

တိုက်တီးကျေးရွာနှင့် အနီးနားကျေးရွာများမှ ရာသီတုပ်ကွေး ဖြစ်ပွားသည့် လူဦးရေ ၁၉၂ ဦးတွင် ရွာသူ၊ ရွာသား ၁၂၈ ဦး၊ ကျောင်းသားကျောင်းသူ ၅၀ ဦး၊သံဃာ ၁၄ ပါး ပါဝင်ခဲ့သည်။ထို့ပြင် ၁၉၂ ဦးအနက် ၁၁၁ဦးမှာ ရာသီ တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီး ကျန် ၈၁ ဦးမှာသွားရောဂါ၊မျက်စိစသည့် ရောဂါများသာဖြစ်ပွားခဲ့ကြောင်း  ခန္တီးမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

"မိုးများပြီး ရာသီတုပ်ကွေးဖြစ်တာပါ။ ဖြစ်ပွားတာကတော့ မနေ့ကစဖြစ်တယ်။ကျွန်တော်တို့ဆီကို ချက်ချင်း သတင်းပို့လို့ သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပြီး လိုအပ်မယ့်ဆေးဝါးများယူဆောင်ပြီး အခမဲ့ကုသပေးတယ်။ ကုသပေးပြီး ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေလည်း လုပ်ဆောင်ပေးခဲ့ပါတယ်" ဟု ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်ကပြောသည်။

အဆိုပါကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းမရှိခြင်းကြောင်း ဖြစ်ပွားမှုများခဲ့ခြင်းဖြစ်ပြီး မိုးရာသီတွင် ကျေးရွာချင်းဆက်လမ်း မရှိသဖြင့် ဒေသခံများသည် ရေလမ်းကိုသာ အဓိကထားသွားနေရ၍ သွားလာဆက်သွယ်ရေး ခက်ခဲလေ့ရှိကြောင်း သိရသည်။

တိုက်တီးကျေးရွာတွင် အိမ်ခြေ ၅၆ လုံးရှိပြီး လူဦးရေ ၂၈၁ ဦးနေထိုင်ကာ စာဝတ်နေရေးအတွက် တောင်ယာကိုသာ အဓိထား၍ လုပ်ကိုင်ကြသည်။

 

Mizzima Weekly