မြိတ်မြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို နေ့ ည မရွေး ဖမ်းဆီးအရေးယူတော့မည်

By ဒီမိုးသွေး (မြိတ်)
15 August 2018
မြိတ်မြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို နေ့ ည မရွေး ဖမ်းဆီးအရေးယူတော့မည်

မြိတ်၊ သြဂုတ်လ ၁၅ ။            ။ မြိတ်မြို့၌ ယခု သြဂုတ်လအတွင်း မြို့ပေါ်တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသော စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းသူများကို အဖွဲ့ပေါင်းစုံဖြင့် ပူးပေါင်း၍  သြဂုတ်လ ၂၀ ရက်မှ စတင်ကာ တင်းတင်း ကြပ်ကြပ် ဖမ်းဆီးအရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခု မော်တော်ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြမှုကော်မတီကို တိုင်းအစိုးရရဲ့ လမ်းညွန်မှုနဲ့ ဖွဲ့စည်းလိုက်ပါပြီ။ ဖမ်းဆီးရေး အပိုင်းကိုတော့ အခုလ ၂၀ ရက်နေ့ထဲမှာ စဖမ်း ပါမယ်၊ ဖမ်းတဲ့အခါမှာလည်း အဖွဲ့ပေါင်းစုံပါလို့ အရင်လို့ မဟုတ်တော့ပါဘူး၊ ထိထိရောက်ရောက်ကို ဖမ်းမှာ ဖြစ်သလို၊ နေ့ ည မရွေး ဖမ်းဖို့ ရှိသလို လူထုအသွင်လှုပ်ရှားမှု အစီအစဉ်ဖြင့် ဖမ်းဆီးသွားမှာပါ ဖြစ်တယ်" ဟု စည်းကမ်းမဲ့ မော်တော် ဆိုင်ကယ်များအား ဖမ်းဆီးရေး မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဦးမြတ်ကိုကိုက ပြောသည်။

ဖမ်းဆီးခြင်း အရေးယူခံရမည့် မော်တော်ဆိုင်ကယ်များနှင့် ယာဉ်ပိုင်ရှင်များကို တရားရုံးသို့ ချက်ချင်း ပို့ဆောင်ပြီး၊ ဥပဒေအရ ထိထိ မိမိ အရေးယူသွားမည်ဖြစ်သည့်အပြင် မော်တော်ဆိုင်ကယ်အား ၁၅ ရက်တိတိ ထိန်းသိမ်းသွားမည်ကို ဟု  ယင်းကော်မတီထံမှ သိရသည်။

မြိတ်မြို့ခံတစ်ဦးဖြစ်သူ ကိုမင်းမင်းက”ဦးထုပ်မဆောင်း စည်းကမ်းမဲ့ မောင်းတာကို ဖမ်းသင့်ပါတယ်၊ ထိထိရောက်ရောက် စစ်ဆေးပြီး၊ အရေးယူဖို့တော့ လိုပါတယ်၊ ဘယ်မှာပဲ ဖြစ်ဖြစ် မြိတ်မှာ နေ့စဉ် နီးပါး ယာဉ်တိုက်မှုတွေ များနေလို့ အခုလိုမျိုး အရေးယူတာ လက်ခံသင့်ပါတယ်”ဟု ပြောသည်။

မြိတ်မြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀% နှုန်းမှာ ဦးထုပ် မဆောင်းခြင်း၊ မှန်ကိုင်း မပါခြင်း၊ နံပါတ်ပြားများ မတပ်ဆင်ခြင်း၊ ယာဉ်မောင်း လိုင်စင် မရှိခြင်း၊ ပရမ်းပတာ မောင်းနင်းခြင်း၊ မီးနီမီးဝါ ဖြတ်မောင်းခြင်း၊  မြွေလိမ် မြွေကောက် မောင်းခြင်း၊  မြို့တွင်း ကီလို မီတာ ၆၀ ထက် ကျော်လွန်၍ မောင်းနင်းခြင်း၊ မူးယစ်ဆေးဝါး သောက်စား၍ မောင်းနင်းခြင်း၊ လမ်းသွယ်များ၊ ညာကပ် ဘယ်ကပ်၊ ဖြူ/ နီ ရပ် နေရာ လမ်းကြောင်းများတွင် စည်းကမ်းမဲ့ မောင်းနှင်သူ များကြောင်း ယင်း ကော်မတီထံမှ သိရသည်။

“ပြီးခဲ့တဲ့ အပတ်က ဂေါက်ကွင်း မီးပွိုင်မှာ စည်းကမ်း ဖောက်ပြီး၊ မီးနီ ဖြတ်မောင်းလို့ ၂၄ နှစ် အရွယ် ဘွဲ့ရ အမျိုးသမီးငယ် တစ်ဦး အသက်ဆုံးရှုံး လိုက်ရပါတယ်၊ သေကံစေ့လို့ အချိန်ကျလို့ပဲ ဖြစ်ဖြစ် ဥပဒေမဲ့ လုပ်ရပ်ကြောင့် ပြစ်မဲ့ ပြည်သူ တစ်ဦး အသက်ဆုံးရှုံး လိုက်ရတာ နှမျှောစရာ ကောင်းပါတယ်၊  ဥပဒေအရ အကာအကွယ် မပေးနိုင်သူတွေရဲ့ အပြစ်ကြောင့် မိသားစုအတွက်သာမက တိုင်းပြည်အတွက် လုပ်အားတန်ဖိုးပါ ဆုံးရှုံးရတယ်၊ ဒီလို မီးနီ ဖြတ်မောင်းသူကတော့ အပြစ်ပေးခံရလား မရဘူးလား ဆိုတာ မသိရဘူး၊ ကရာနီလမ်းဆုံမှာလည်း ယာဉ်ထိမ်းရဲ ရှိလျှက်နဲ့ ယာဉ်ကို ဖြတ်မောင်း သွားလာနေကြတာ ဥပဒေက အရ အရေးယူဖို့ အများကြီး လိုအပ်နေပါသေးတယ်၊ ဒါကြောင့် တိကျစွာ အရေးပေးဖို့ လိုတယ်”လို့ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်နေ ဦးသန်းလှစိုးက ပြောသည်။

ထိုအပြင် မြိတ်တွင် မော်တော် ဆိုင်ကယ်ဖြင့် ရပ်ကွက်လိုက် Taxi (ကယ််ရီ) ပြေးဆွဲခြင်း၊ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေသူ များလည်း ရှိရာ အများစုက လက်ရှိမှာ အသင်းအဖွဲ့များ မရှိခြင်း၊ ဦးထုပ်များကို ၁ လုံး ထက် ပို၍ ဆောင်ထားခြင်း မရှိခြင်း၊ ယာဉ်မောင်း လိုင်စင် မရှိသည့် အပြင် မှန်ကိုင်းများကို လည်း တပ်ဆင်ထားမှု အားနည်းနေကြောင်း မြို့ခံများထံမှ သိရသည်။

မြိတ်ကုန်တိုက်တွင် ဆိုင်ကယ် Taxi (ကယ််ရီ) ပြေးဆွဲနေသူ ကိုစိုးရှိန်က”ယာဉ်တိုက်မှုတွေ များလာလို့ ပြည်သူတွေကို ကွယ်ကာတဲ့ ဥပဒေ အရ ဖမ်းဆီးတာ လက်ခံလို့ ရပေမယ့် ကျွန်တော်တို့ တစ်နေ့ လုပ်၊ တစ်နေ့စား လုပ်နေတဲ့ ဆိုင်ကယ်သမားတွေ အခက်အခဲ အချို့ ဖြစ်သွားနိုင်ပါတယ်၊ သက်ဆိုင်ရာ လူကြီးတွေက ဒီတစ်ခုတည်းကို အပြစ်ပုံချပြီး၊ ဖမ်းဆီးမဲ့အစား မြို့ပေါ်မှာ အခု ၂ လုံး ၃ လုံး ချဲဂဏန်း ရောင်းသူတွေ ဘောလုံးပွဲ ဒိုင်တွေနှင့် လောင်းကစား ဒိုင်တွေကိုလည်း ပေါ်ပေါ် ထင်ထင် ရောင်းနေတာကို မျက်ကွယ်် ပြုထားသလို ဖြစ်နေလို့ ဒါကိုလည်း ဖမ်းဆီးစေချင်တယ်”ဟု ပြောသည်။

မြိတ်မြို့တွင် မကြာမှီ ရက်ပိုင်းအတွင်း မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် မောင်းနင်း သူများအား လူထု လှုပ်ရှားမှု အသွင်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးများ၊ ဌာနဆိုင်ရာနှင့် ပြည်သူတို့ ပူးပေါင်း ပါဝင်သော အဖွဲ့ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ အချက်အခြာ ကျသည့် နေရာ (၂၀) တို့တွင် တစ်ပတ်လျှင် ၂ ကြိမ် ပိတ်ဆို့ ဆောင်ရွက်သွားမည် ဖြစ်ပြီး နေ့/ ည မရွေး စစ်ဆေး ဆောင်ရွက် သွားမည်ဟု မြိတ်ခရိုင် အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ကိုကိုထံမှ သိရသည်။

အထက်ပါ စည်းကမ်းမဲ့ မော်တော် ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူ ဆောင်ရွက် နိုင်ရန်အတွက် မြိတ်မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ကြီးကြပ် ကွပ်ကဲရန် မြို့နယ် အုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်းပင်ကော်မတီ၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၊ မြို့နယ် လမ်းဦးစီးဌာနနှင့် မြို့နယ် တရားသူကြီး၊ ယာဉ်ထိန်းရပ်တပ်ဖွဲ့ စသည့် စုစုပေါင်း အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။

မြိတ်မြို့မှာ ၂၀၁၆ ခုနှစ်မှ စ၍ မြို့တွင်း ကွန်ဂရက် လမ်းများနှင့် AC နိုင်လွန် ကတ္တရာ လမ်းများ ကောင်းမွန်လာပြီး၊ လူငယ်များ မော်တော် ဆိုင်ကယ်အား စည်းကမ်းမဲ့ မောင်းနင်း လာသည်ကို ပိုများခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်မှာ မြိတ်ခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်မှ ယာဉ်တိုက်မှုကြောင့် ခရိုင်းအတွင်း အမှုပေါင်း ၂၀၅ မှု၊ ထိခိုက် ဒဏ်ရာရ အမျိုးသား/ အမျိုးသမီး စုစုပေါင်း ၃၄၃ ဦးနှင့် သေဆုံးသူ ၇၃ ဦး ရှိကြောင်း သိရကာ၊ ယခု ၂၀၁၈ ခုနှစ် ဇန်နာဝါရီလမှ သြဂုတ်လ ၁၀ ရက်နေ့ အထိ စာရင်း အရ ခရိုင်းအတွင်း အမှုပေါင်း ၁၁၃ မှု၊ ဒဏ်ရာရ အမျိုးသား/ အမျိုးသမီး စုစုပေါင်း ၂၂၃ ဦးနှင့် သေဆုံးသူ ၄၆ ဦး အထိ ရှိလာကြောင်း အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ တနင်္သာရီတိုင်းအတွင်း ခရိုင် ၃ ခုတွင် မော်တော် ဆိုင်ကယ်စီးနင်းသည့် အလေ့အထများ ရှိသည့် မြို့များ ဖြစ်၍ သယ်ယူပို့ဆောင်ရေးယာဉ်များ  သုံးစွဲနိုင်မှု အရ လူဦးရေ ၆၀ % နှုန်းသည်၊ ဆိုင်ကယ်ကို အသုံးပြုနေသည်။