“သိပ်တော်နေရင် ၅ လောင်းပြိုင်အမှုကို ဖော်ထုတ်ပါ”ဟု ကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးပြောဆို

“သိပ်တော်နေရင် ၅ လောင်းပြိုင်အမှုကို ဖော်ထုတ်ပါ”ဟု ကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးပြောဆို

ရန်ကုန်၊ သြဂုတ်လ ၁၇ ။              ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥပဒေအကြံပေးတရားလွှတ်တေ်ာရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု နှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသည့်  ဦးဇေယျာဖြိုးက “ သိပ်တော်နေရင် ၅ လောင်းပြိုင်အမှုကို ဖော်ထုတ် ပါ”ဟု ယနေ့ရုံးထုတ်တွင် ပြောဆိုလိုက်သည်။

တရားခွင်မှ နေ့လယ်ထမင်းစားနားချိန်အထွက်တွင် စွပ်စွဲခံရသူဇေယျာဖြိုးက မီဒီယာများအား ထိုသို့ပြော ဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ယနေ့ သြဂုတ်လ ၁၇ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ဦးကြည်လင်းအပါအဝင် ဦးဇေယျာဖြိုး၊ ဦးအောင်ဝင်းဇော်တို့ ၃ ဦးအား ၆၉ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ဦးဇေယျာဖြိုးအား ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ် သည်။

“ ကျွန်တော်က ခံစားချက်တွေ ပြောနေတာဘာမှ မရှိဘူး။ ကျွန်တော်အားလုံးကို အချက်အလက်တွေ အတိ အကျ၊ အထောက်အထား အပြည့်အစုံနဲ့ ကျွန်တော်ပြောနေခဲ့တာ။ အဲ့ဒီတော့ မီဒီယာတွေ ပြည်သူလူထုကို အမှန်အတိုင်းတင်ပြပေးပါ။ ကျွန်တော်မှာ တရားခံမဟုတ်ဘဲနဲ့ မြင့်ဆွေဆိုတာတဲ့ဟာကို ရေဆုံး မြေဆုံးမ လိုက်နိုင်ဘဲနဲ့ ပြီးပြီးရောလုပ်တာခံခဲ့ရတာ။ သူတို့သိပ်တော်နေရင် ၅ လောင်းပြိုင်( လူသတ်မှု) တွေ၊ ၆ လောင်းပြိုင်တွေကို အဲ့ဒီလူတွေကို ဖော်ထုတ်ခိုင်းလိုက်လေ။ အခုကျတော့ ဒီလိုအမှုကြီးကို လေးငါးဆယ်ရက်နဲ့ ဖော်ထုတ်နိုင်တယ်ဆိုတာ မီဒီယာတွေစောစောက သံသယရှိခဲ့သင့်တယ်”ဟု စွပ်စွဲခံရသူ ဇေယျာဖြိုးက ပြောဆိုခဲ့သည်။

တပ်မတော်သတင်းစုဆောင်းရေး အတတ်သင်ကျောင်းတွင် နည်းပြဖြစ်ခဲ့ဖူးသူ တပ်မတော်မှ အရာရှိဟောင်း ဇေယျာဖြိုးက ရှေ့နေ ဦးကိုနီအား လုပ်ကြံရန်အတွက် ကျပ်သိန်း ၁ဝဝဝ ကို လက်ရှိအချိန်ထိ လွတ်မြောက် နေသည့် တရားခံပြေး အောင်ဝင်းခိုင်အား ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လအတွင်းကပေးခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဒုတိယ ဗိုလ်မှူးကြီးဟောင်းဖြစ်သူ အောင်ဝင်းခိုင်နှင့် တပ်မတော်အရာရှိဟောင်း ဇေယျာဖြိုးတို့မှာ ရောင်ဝါဖြိုး ကုမ္ပဏီအား ပူးတွဲတည်ထောင်ခဲ့ပြီး ဦးအောင်ဝင်းခိုင်၊ ဦးဇေယျာဖြိုးနှင့်  မိုင်းဖြတ်မြို့နယ်မှ လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့ ၃ ဦးသည် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံပြီးနောက် ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံခံခဲ့ရသည့်အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း  ပြည် ထဲရေး၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့်အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ   သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။