ဆေးခြောက် ဂရမ် ၅ဝဝ ကျော်နှင့်အတူ အမျိုးသား ၆ ဦးအား ဖမ်းမိ

ဆေးခြောက် ဂရမ် ၅ဝဝ ကျော်နှင့်အတူ အမျိုးသား ၆ ဦးအား ဖမ်းမိ
 ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ အောက်တိုဘာလ ၂ ။           ။ ရန်ကုန်မြို့ ၊ဗိုလ်တထောင်မြို့နယ်၊ ၆၃ လမ်း၊ ၃ ရပ်ကွက်၊ အမှတ် ၃ဝ၊ ၄ လွှာရှိ အခန်းတစ်ခုထဲ မှ အမျိုးသား ၆ ဦးအား ဆေးခြောက် ၅ဝဝ ဂရမ်ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါအခန်းမှာ အသက် ၂၇ နှစ်အရွယ် ချမ်းလင်းထက်ဆိုသူ၏ နေအိမ်တိုက်ခန်းဖြစ်ပြီး ၎င်းနှင့်အတူ အ သက် ၃ဝ အရွယ် သူရိန်ဦး၊ အသက် ၂၃ နှစ်အရွယ် ထက်လင်းခန့်နှင့် အောင်ကျော်ဦး၊  အသက် ၂၂ နှစ်အရွယ် အောင်ကျော်မိုး၊ အသက် ၁၇ နှစ်အရွယ် စတီဗင်တင်လှတို့ ၆ ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အခန်းတွင်းမှ ဆေးခြောက် စုစုပေါင်း ၅၁ဝ ဂရမ်၊ ငွေကျပ် ၃ သိန်း ၁ သောင်း၊ လက်ကိုင်ဖုန်း မျိုးစုံ ၈ လုံးတို့နှင့် အတူ အဆိုပါ ၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အောက်တိုဘာလ ၂ ရက်နေ့၊ ညနေ ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပန်းဘဲတန်းနှင့် ဗိုလ်တထောင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ပန်းဘဲတန်းမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးပုဒ်မဖြင့် အမှုဖွင့်ထားသည့် ဝေယံလင်းထက်ဆိုသူက အောက်တိုဘာလ ၁ ရက်နေ့တွင် ထွက်ဆို ချက်ပေးခဲ့မှုကြောင့်  အဆိုပါ ၆ ဦးကို သက်သေများနှင့်အတူ သွားရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ဆေးခြောက်များနှင့်အတူ ဖမ်းဆီးထားသူ ၆ ဦးကို ဗိုလ်တထောင်မြို့မရဲစခန်းတွင် မယ(ပ) ၁၂/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၉(က)/ ၂ဝ(က) /၂၁ စသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်နိုင်ရန် စစ်ဆေးနေ ကြောင်းသိရသည်။

       

 

Mizzima Weekly