လူငယ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့နေရာ သို့မဟုတ် ငှက်အော်စမ်းသို့ တစ်ခေါက်

လူငယ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့နေရာ သို့မဟုတ် ငှက်အော်စမ်းသို့ တစ်ခေါက်

အောက်တိုဘာ ၂၆ ။            ။ အသားညိုညို နဲ့ လူငယ်တစ်ဦးက  ခန္ဓာကိုယ် ထွားကျိုင်းတဲ့ပုံစံပေါက်ပေမဲ့ သူ့အသက်ကတော့ ၁၈ နှစ် မပြည့်သေးပါဘူး။

" ကျွန်တော်က အပြင်မှာ အမှုကိစ္စဖြစ်ပြီး ဒီကိုရောက်လာတာပါ။ အမှုက ခိုးမှုပါ။ ဂိမ်းကစားဖို့ ငွေလိုနေတာနဲ့ ခိုးမိတော့ အမှုဖြစ်ပြီး ဒီကိုရောက်လာတာပါ။ အပြင် ပြန်ရောက်ရင်   ကောင်းကောင်းမွန်မွန်နေထိုင်သွားမှာပါ။ သူငယ်ချင်းတွေကိုလည်း ကျွန်တော်လိုမျိုး အပေါင်းအသင်းမှားပြီး ဒီလိုမဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။" လို့ ကိုကိုအောင်( အမည်လွှဲ၊ အသက် ၁၅ နှစ်)က ပြောပါတယ်။

ကိုကိုအောင်ကတော့ သူ့ရဲ့ ပြစ်မှုကြွေးကိုဆပ်ဖို့ ကလေးထောင်လို့ လူသိများတဲ့ လူငယ်သင်တန်းကျောင်းမှာ အချိန် ၂ နှစ် ကျော် နေထိုင်ရမှာပါ။

ဂိမ်းကစားဖို့ ငွေလိုလို့ ပြစ်မှုကျူးလွန်တာတွေအပြင် အကြောင်းကြောင်းကြောင့် ရန်ကုန်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းကို ရောက်ရှိ နေကြသူတွေလည်း ရှိတယ်။

ဒီလို လူငယ်တွေမှာ မျှော်လင့်ချက်တွေ ရှိလာဖို့ မြန်မာနိုင်ငံစားဖိုမှူးအသင်း(MCA)ကနေ ကုသိုလ်ပြု အချက် အပြုတ်သင်တန်းပေးနေတယ်လို့ သိရပြီး အခုလို ကုသိုလ်ပြုအစီစဉ်တွေ နှစ်စဉ်ပြုလုပ်နေတာ ၁၀ နှစ် လောက်ရှိနေပြီလို့ သိရပါတယ်။

အသက်မပြည့်သေးပေမဲ့လည်း ပြစ်မှုကြောင့် ရောက်လာကြတဲ့ လူငယ်တွေကို သူတို့အတွက် အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခု ကုသိုလ်ပြုလိုတဲ့အတွက် လူမှုရေးအဖွဲ့အစည်းတွေ အခုလိုပဲ မကြာခဏ ရောက်ရှိ လာလေ့ ရှိပါတယ်။

" ပထမတော့ စတင်ခဲ့တာ မြန်မာ့အစားအစာ ကမ္ဘာက သိအောင်ဆိုပြီး စတင်ခဲ့တာ။ နောက်တစ်ခုက မြန်မာ စားဖိုမှူးတွေရဲ့ စားဝတ်နေရေးတွေနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်ကိုတိုးမြင့်ပေးဖို့၊   နောက်ပြီး စားဖိုမှူး တွေရဲ့ လက်ရာတွေကို စားသုံးတဲ့ပြည်သူတွေ သန့်ရှင်းပြီး အဟာရပြည့်မီတဲ့ အစားအသောက်တွေ ဖန်တီးနိုင်ဖို့ ရည်ရွယ်ခဲ့တာ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ လူမှုရေးလုပ်ငန်းတွေလည်း ဆောင်ရွက်နေပါတယ်။" လို့ မြန်မာနိုင်ငံစားဖိုမှူးအသင်း(MCA)အသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါ်ခင်ခက်ခက်ခိုင်က ပြောပါတယ်။

မြန်မာနိုင်ငံစားဖိုမှူးအသင်း(MCA)အသင်းအနေက ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းက လူငယ်တွေကို အောာက်တိုဘာလ ၂၂ ရက်က အချက်အပြုတ်ပညာရပ်တွေ သင်ကြားခဲ့သလို၊ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ကလေးသူငယ်တရားရုံးမှာ ပြစ်မှုနဲ့ရင်ဆိုင်နေရတဲ့ လူငယ်၊ ကလေးငယ်တွေ အပါအဝင် ကလေးသူငယ်ဥပဒေပုဒ်မ ၃၂ အရ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံရတဲ့ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ပါတယ်။

ကလေးသူငယ်တွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား လှုပ်ရှားမှု၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခြင်း၊ ကျောင်းပြင်ပ ပညာရေးသင်ကြားပေးခြင်းတွေ အပြင်၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ခြင်း၊ တရားထိုင်စေခြင်း၊ အပန်းဖြေလေ့လာရေးခရီးများ ထွက်ခြင်း၊ လူမှုရေးဆိုင်ရာနှစ်သိမ့်ဆွေး နွေးပေးခြင်း များ ဆောင်ရွက်ပေးခြင်းနဲ့ ကလေးသူငယ်တွေရဲ့ စိတ်ခံစားမှု၊ ဖိစီးမှုတွေကို ပြေလျော့စေပြီး၊ စိတ်ဓါတ်နဲ့ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေရှိအောင် ဆောင်ရွက် ပေးနေတယ် လို့ သိရပါတယ်။

အစိုးရက သင်တန်းကျောင်း အခြေပြုကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းအနေနဲ့ လူမှုဝန် ထမ်းဦးစီးဌာနကနေ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ လားရှိုး လူငယ်သင်တန်းကျောင်း၊ လပွတ္တာလူငယ်အားမာန်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်း ကျောင်း (ရန်ကုန်၊ ထောက်ကြန့်၊ မန္တလေး) စတဲ့ သင်တန်းကျောင်း ၁၀ ကျောင်းကို ဖွင့်လှစ်ပြီး အသက် ၈ နှစ် ကနေ ၁၈ နှစ်အထိကလေးများကို လက်ခံစောင့်ရှောက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

Mizzima Weekly