သွားပါများခရီးရောက် မေးပါများစကားရ ( ၂ )

သွားပါများခရီးရောက် မေးပါများစကားရ ( ၂ )
 ၂၀၁၅ ခု ပွင့်ဖြူမြို့ ရေဘေးသင့်စဉ်က တွေ့ရစဉ်။

တကယ်တော့ စေတုတ္တရာမြို့အကြောင်း ရေးတဲ့အခါ ဒီမြို့လေးနဲ့နွယ်နေတဲ့ စလင်းတို့ ပွင့်ဖြူတို့ဆိုတဲ့မြို့တွေအကြောင်းလည်း ကြားညှပ်မိတ်ဆက်ပေးရမလိုဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စေတုတ္တရာမြို့ကလေးဆီ ကျနော်သွားတဲ့နှစ်က ပွင့်ဖြူမြို့နဲ့ စေတုတ္တရာမြို့ မုန်းချောင်းရေလျှံရေကြီးတဲ့အချိန်နဲ့တိုးနေပြီး စေတုတ္တရာနဲ့အနီးဆုံးမြို့လည်းဖြစ် လမ်းမှာဖြတ်သွားရတဲ့ စလင်းမြို့ဆိုတာကလည််း ရှေးဟောင်းအမွေအနှစ််တွေ ရှိနေတဲ့မြို့ဖြစ်တာမို့ပါပဲ။ စေတုတ္တရာခရီးအကြောင်း ရေးရင်းနဲ့ ပွင့်ဖြူနဲ့စလင်းမြို့နှစ်မြို့အကြောင်းကိုလည်း ကြားညှပ်ပြီးပြောသွားချင်ပါတယ်။

၂၀၁၅ ခု မေလထဲ စေတုတ္တရာမြို့ကိုသွားဖို့ကြိုးစားတဲ့အခါ ပထမပိုင်းမှာ စေတုတ္တရာမြို့ ရေကြီးပြီး မြို့ဝင်တံတားကြီးကလည်း မုန့်ချောင်းရေအောက်ရောက် ကားလမ်းတွေက   တောင်ကျချောင်းရေ ကျော်နေလို့ သွားလို့မရသေးတော့ မကွေးမြို့က ကပ်ကျော်ဘုန်းတော်ကြီးကျောင်းမှာ တစ်ညနှစ်ညအိပ်ပြီး ရေအကျကိုစောင့်နေရပါသေးတယ်။ အဆင်ပြေချင်တော့ ကပ်ကျော်ဆရာတော်ဘုရားက စေတုတ္တရာရေဘေးကယ်ဆယ်ရေး ဦးဆောင်ပြီးလုပ်နေတာဖြစ်လို့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ကားတွေပေါ်တင်ပြီး သွားလို့ရတဲ့ လမ်းသာတဲ့အချိန်စောင့်နေတာဖြစ်လို့ အဲဒီကားတွေနဲ့ပဲ စေတုတ္တရာကို လိုက်ပါခွင့်ရခဲ့ပါတယ်။

မကွေးကိုရောက်ပြီး နောက်တစ်နေ့ ဆရာတော်ဘုရားရဲ့ ကူညီစီစဉ်ပေးမှုနဲ့ပဲ ရေကြီးနေတဲ့ ပွင့်ဖြူမြို့ကို မော်တော်ဆိုင်ကယ်နဲ့ သွားကြည့်ခွင့်ရပါတယ်။ ပွင့်ဖြူမြို့ဟာ ဧရာဝတီမြစ် အနောက်ဖက်ကမ်း မင်းဘူးမြို့ကိုဖြတ်ပြီးမှသွားရပါတယ်။ ဧရာဝတီမြစ်ကူးတံတားကြီးကိုကူးပြီး တစ်နာရီကျော်လောက် ဆိုင်ကယ်စီးရင်ရောက်ပါတယ်။ ပွင့်ဖြူမြို့အနီးဖြတ်စီးတဲ့ မုန်းချောင်းဟာ အောက်ဘက် ဧရာဝတီမြစ်ထဲ စီးဝင်ပါတယ်။ မုန်းချောင်း ရေကြီးတော့ ပွင့်ဖြူမြို့လုံးကျွတ်ရေကြီးပါတော့တယ်။ ဒါဟာ နှစ်ငါးဆယ်ခန့်အတွင်း ပထမဆုံးကြုံရတဲ့ ရေဘေးလို့လည်း သိရပါတယ်။ ကံဆိုးချင်တော့ ပွင့်ဖြူမြို့မရောက်ခင်လေးမှာပဲ ကားလမ်းပေါ်ရေကျော်နေလို့ ဘယ်သူ ဘယ်ကားမှာရှေ့ဆက်သွားလို့မရတော့ ကျနော်တို့လည်း မြို့အဝင် ရေပေါင်လည်လောက်အထိပဲ သွားကြည့်ခဲ့ရပါတယ်။ ပထမစိတ်ကူးထားတုန်းက ပွင့်ဖြူဟိုဘက် တဆက်တစပ်တည်းရှိနေတဲ့ ကျောင်းတော်ရာနဲ့ ကုန်းဇောင်းရွာအထိ သွားဖို့ပါပဲ။ ရောက်တုန်းရောက်ခိုက် နာမည်ကျော်သီချင်းတစ်ပုဒ်ထဲမှာပါတဲ့အပြင် နိုင်ငံကျော်စာရေးဆရာ နေဝင်းမြင့် ရဲ့ရွာလည်းဖြစ်တဲ့ ကုန်းဇောင်းရွာအထိ သွားဖို့ပါပဲ။ ပွင့်ဖြူမှာတွင် ကျနော်တို့ လှည့်ပြန်ကြရပါတယ်။

အသွားကတည်းက ကူညီကယ်ဆယ်ရေးကားတွေ ကားကြီးကားငယ်အသွယ်သွယ်ကို လမ်းတလျောက်လုံး တွေ့ကြရပါတယ်။ အလံတွေ ဆိုင်းပုတ်တွေထောင်ပြီးကပ်ပြီး ရောက်လာနေကြတာပါ။ တချိို့က ပွင့်ဖြူရေဘေး ကူညီဖို့လာကြတာပါ။ စေတုတ္တရာရေဘေး ကူညီဖို့ရည်ရွယ်ပြီးလာကြတဲ့ကားတွေကတော့ တချို့လှည့်ပြန်ကြပါတယ်။ တချို့ကတော့ လမ်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုပြီး ယာယီစောင့်ဆိုင်းနေကြရပါတယ်။

ပွင့်ဖြူရေဘေးဒုက္ခသည်တွေနဲ့တော့ တွေ့ခဲ့ပါတယ်။ စာသင်ကျောင်းတွေမှာ ဘုရားကျောင်းဝင်းတွေထဲ ဖြစ်သလိုဝင်ရောက်နေထိုင်နေကြရတဲ့သူတွေကို တွေ့ခဲ့ရပါတယ်။

မကွေးကိုပြန်ရောက်တဲ့အခါ စေတုတ္တရာခရီးဆက်ဖို့ ကပ်ကျော်ဆရာတော်ဘုရားနဲ့ တိုင်ပင်ရပါတယ်။ မကွေးကိုမရောက်လာခင်ကတည်းက စေတုတ္တရာမြို့ခံ မိတ်ဆွေတစ်ဦးကို တယ်လီဖုန်းနဲ့ချိတ်ဆက်ပြိီးမှ လာတာဖြစ်လို့ စေတုတ္တရာ မကွေး နေ့စဉ်ကားလိုင်း ရပ်ထားဆဲဖြစ်ပြီး မြို့ဝင်တံတားကြီးကတော့ ရေအောက်ပြန်ပေါ်လာလို့ သန့်ရှင်းရေးလုပ်နေတဲ့အကြောင်း သိရပါတယ်။ ဒါပေမယ့် လမ်းမှာ ကံပြားရွာနဲ့ စေတုတ္တရာကြား ကားလမ်းရေကျော်တဲ့နေရာတွေမှာ ကားသွားလို့မရသေးတဲ့အကြောင်းလည်း သတိရပါတယ်။

ကံကောင်းချင်တော့ ကပ်ကျော်ဆရာတော်ဘုရားက မနက်ဖြန်ကြရင် စေတုတ္တရာကို ကူညီကယ်ဆယ်ရေးကာ သုံးစီးသွားဖို့ရှိတယ် လိုက်မယ်ဆိုရင် လိုက်လို့ရတယ်လို့ ပြောလာပါတယ်။ ဒါနဲ့ပဲ စေတုတ္တရာသွားဖို့ လမ်းပွင့်သွားရပါတယ်။

အဲဒီနေ့တွေမှာ စေတုတ္တရာရေဘေး စိတ်မချမ်းမြေ့ဖွယ်သတင်းတွေ နေ့တိုင်းကြားနေခဲ့ရတာပါ။ တနိုင်ငံလုံးက ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေက ရေဘေးကူညီဖို့ စိုင်းပြင်းနေကြရတဲ့သတင်းတွေလည်း  ကြားနေရပါတယ်။ စေတုတ္တရာမြို့လုံးကျွတ်ရေအောက်ကို သုံးရက်မျှ ရောက်ခဲ့ကြရတဲ့အကြေောင်း မြို့လူထုဟာ မြို့ဘေးက ရေလွတ်ရာတောင်ကုန်းတွေပေါ်တက်ပြီးနေကြရတဲ့အကြောင်း သောက်ရေသုံးရေကိစ္စ ရိက္ခာပြဿနာနဲ့ ကျန်းမာရေးပြဿနာများနဲ့ ကြုံတွေ့နေကြရတဲ့သတင်းတွေလည်း နာရီပိုင်းနဲ့အမျှ ဆင့်ကာဆင့်ကာ ကြားနေရပါတယ်။

တကယ်တော့ စေတုတ္တရာရွာကလေးဟာ ရေဘေးကြောင့် ပြင်ပကမ္ဘာကြီးနဲ့ ငါးရက်ခန့် အဆက်အသွယ်ပြတ်တောက်ခဲ့ရပါတယ်။ တစ်ခုတည်းသော ကုန်းလမ်းဆက်သွယ်ရေးလမ်းကလည်း တောင်ကျရေကျော်မှုတွေကြောင့် ပြီးတော့ မြို့နဲ့ဆက်သွယ်လို့ရတဲ့ တံတားကြိီးကလည်း ရေအောက်ရောက်သွားလို့ လှေနဲ့တောင်သွားလို့မရလောက်အောင် ရေကြီးခဲ့တာပါ။ အခုတော့ ရေကျစပြုပါပြီ။ တံတားကြီးလည်း ရေပေါ်ပြန်ရောက်လာခဲ့ပြီမို့ ကူညီကယ်ဆယ်ရေးကားတွေဟာ စေတုတ္တရာမြို့ကလေးဆီ ဦးတည်နေကြပြီဖြစ်ပါတယ်။

ကျနော်ကတော့ စေတုတ္တရာမသွားခင်ညက တစ်ညလို့ အိပ်လို့မပျော်နိုင်ခဲ့ပါဘူး။ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ စာရင်းပြုစု၊ ဆန်အိတ်ကြီးတွေထဲကဆန်တွေကိုထုတ်ပြီး ဆန်အိတ်သေးလေးတွေထဲပြန်ထည့်ပြန်ချုပ် လုပ်အားပေးလူငယ်မောင်မယ်တွေနဲ့အတူ တညလုံး အလုပ်လုပ်ခဲ့ရပါတယ်။ မနက်ငါးနာရီမှာတော့ ကူညီကယ်ဆယ်ရေးကားကြီး သုံးစင်းပေါ်မှာ ကယ်ဆယ်ရေးပစ္စည်းမျိုးစုံ အပြည့်အမောက် တင်လို့ပြီးသွားပါတော့တယ်။

ဆရာတော်ဘုရားက မနက် ရှစ်နာရီမှာ စေတုတ္တရာကူညီကယ်ဆယ်ရေးခရီးစတင်ထွက်မှာဖြစ်တယ်လို့ပြောလို့ အိပ်ချိန်တစ်နာရီလောက်တော့ ရလိုက်ပါသေးတယ်။

အဲဒီနေ့မနက် ကုန်ကားကြီးပေါ်က ကူညီကယ်ဆယ်ရေး ဆန်အိတ်တွေပေါ်တက်ထိုင်ပြီးတဲ့အခါ စေတုတ္တရာခရီး စတင်ထွက်ခွါနိုင်ဖို့ ကျနော့်စိတ်တွေ တက်ကြွလှုပ်ရှားနေပါတော့တယ်။

ကဲ စေတုတ္တရာခရီး ဒီမှာတွင် ခဏရပ်ကြရအောင်ပါ။

နောက်နေ့တွေမှာ ဆက်လက်ပြောပြပါအုန်းမယ်။

လူငယ်များ ခရီးထွက်နိုင်ကြပါစေ။ ကိုယ့်တိုင်းပြည် ကိုယ့်လူထုအကြောင်း လေ့လာနိုင်ကြပါစေဗျား။

Mizzima Weekly