အသက် ၆ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး သတ်ပစ်ခဲ့မှု ဖြစ်ပွား

အသက် ၆ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး သတ်ပစ်ခဲ့မှု ဖြစ်ပွား

မြိတ်၊ အောက်တိုဘာလ ၂၅ ။           ။ မြိတ်မြို့ စန္ဒာဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အသက် ၆ နှစ်ခန့်ရှိ ကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ရာမှ အထမမြောက် ဘဲ သတ်ပစ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ အောင်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ဦးရှည်ကြီး (ခ) မောင်မောင်သိန်းဆိုသူက  လုပ်ငန်း အတွင်းရှိ အမြဲတမ်း သွားရောက်လည်ပတ်နေသည့်နေအိမ် တစ်အိမ်မှ အသက် ၆ နှစ်ခန့်ရှိ မ…….အား တောချုံထဲ၌ ခမောင်းချဉ်သီး ခူးကျွေးမည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ယင်း နောက် အိမ်ပြန်မလာ၍ မိ/ဘများများမှ လိုက်ရှာမှ မတွေ့ရှိပဲ အတူသွားခဲ့သည့် ကလေးငယ်များကို မေးမြန်းရာ မနက်က ဦးရှည်ကြီးဆိုသူက ခေါ်သွားတာ တွေ့ခဲ့ကြောင်း၊ ထို့နောက် လုပ်ငန်းခွင်အတွင်း နေထိုင်သူများနှင့် မိ/ဘတို့က အရှည်ကြီးကို ခေါ်၍ မည်သည့်နေရာကို ခေါ်သွားသည်ကို လိုက်ပြခိုင်းရာမှ လုပ်ငန်းခွင်၏ ခပ်ဝေးဝေးရှိ တောအုပ်ထဲတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ကလေးငယ် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

သေဆုံးလျက် ပြန်တွေ့ရသည့် မ…..သည်၊ ဦးခေါင်းတွင် ကွဲအက်ဒဏ်ရာများ၊ လက် ၂ ဖက် ကျိုးနေခြင်း၊ ခြေချောင်းများလည်း လိမ်နေခြင်း၊ လည်ပင်းညစ်ဒဏ်ရာများနှင့် ကျောဘက်တွင် ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်…….ထံမှ သိရသည်။

မိခင်ဖြစ်သူ ဒေါ်…….က“ သမီးက လပြည့်နေ့ မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းကို သွားခဲ့ပါတယ်၊ နေ့လယ်ပိုင်း ရောက်တော့ ပြန်မလာသေးလို့ စိတ်ပူပြီး လိုက်ရှာတာ မတွေ့ခဲ့ဘူး၊ နောက်တော့ တောထဲမှာ သတ်ခံရ ထားတယ်ဆိုတာ သိလိုက်ရတယ်”ဟု ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယံကံရှင်၏ ကလေး မိ/ဘနှင့် လုပ်ငန်းခွင်အတွင်း အတူနေထိုင်သူများကို တွေ့ဆုံ မေးမြန်းရာ ဦးရှည်ကြီး (ခ) မောင်မောင်သိန်းသည်၊ ကလေးငယ်၏ နေအိမ်သို့ နေ့စဉ် ဝင်ထွက် သွားလာနေသူ တစ်ဦး ဖြစ်ကြောင်း၊ ကလေးငယ်နဲ့လည်း အလွန်ခင်မင်ရင်းနှီးသူတစ်ဦး ဖြစ်ပြီး၊ ၄င်းသည် မကြာခဏ အရက် သေစာသောက်စားသူတစ်ဦးလည်း ဖြစ်ကြောင်း တစ်ခါတရံမှာ အရက်ကြောင်၍ စိတ်ဖောက် ပြန်တတ်သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်မှုနှင့်ပတ်သက်ပြီး ကျူးလွန်သူ၏ ဖိနပ်နှင့် အခြား ဆက်စပ် သက်သေများကို တွေ့ရှိရကြောင်း သိရသည်။

အရှည်ကြီး (ခ) မောင်မောင်သိန်း (အသက် ၂၅ နှစ် (ဘ) ဦးမင်းအောင်) ကို အသတ်ခံရသည့် မိခင်ဖြစ်သူက တရားလို ပြုလုပ်၍ တိုင်တန်းထားသဖြင့် အောက်တိုဘာ ၂၄ ရက်နေ့က မြိတ်မြို့မ ရဲစခန်းမှ အမှုကြီးအမှတ်စဉ် (၅/၂၀၁၈)၊ (ပ)၁၆၉၀/၂၀၁၈၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။
 

Mizzima Weekly