မြိတ်မြို့ရှိ ဟိုတယ်မီးလောင်မှုတွင် တည်းခိုသူ လူ ၁၀၀ ကျော်ကို ကယ်ဆယ်နိုင်

မြိတ်မြို့ရှိ ဟိုတယ်မီးလောင်မှုတွင် တည်းခိုသူ လူ ၁၀၀ ကျော်ကို ကယ်ဆယ်နိုင်

မြိတ်၊ အောက်တိုဘာ ၂၆ ။            ။ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ Hotel Grand Jade တတိယထပ်တွင် အောင်တိုဘာ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် အထည်ဆိုင်တစ်ဆိုင်မှ ဆေးလိပ်မီးဟု ယူဆရသည့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ တည်းခိုနေသူ ဧည်သည် ၁၀၀ ဦးကျော်မှာ မီးခိုးငွေ့များမွန်ပြီး ပိတ်မိနေသည်ကို အထပ်မြှင့် မီးငြိမ်းသတ်ယာဉ်ဖြင့် ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် Hotel Grand Jade သည်၊ အထပ် ၉ ထပ်ရှိပြီး၊ မြေညီထပ်မှ တတိယ အထပ် အထိ စျေးဝယ်စင်တာကို ဖွင့်လှစ်ထားသည့် ဟိုတယ်တစ်လုံး ဖြစ်ပြီး၊ အခင်းဖြစ်ပွားချိန်၌ ဟိုတယ်အတွင်း တည်းခိုသူ ဧည့်သည် ၁၂၁ ဦး ရှိကြောင်း သိရသည်။

စျေးဝယ်စင်တာဖြင့် တွဲရက်ဖွင့်လှစ်ထားသည့် Hotel Grand Jade သည်၊ မြိတ်မြို့၏ နာမည်ကြီးဟိုတယ် တစ်လုံးဖြစ်သည့် အပြင် မြို့ရဲ့ ရှု့ခင်းများကို အပေါ်ဗျူးမှ မြင်တွေ့နိုင်သော မြင်ကွင်းများဖြင့် နိုင်ငံခြားသား များနှင့် ပြည်တွင်းခရီးသွားဧည့်သည်များ အများဆုံး လာရောက်တည်းခိုနေသော ဟိုတယ် ဖြစ်သည်။

အခင်းဖြစ်ပွား ချိန်တွင် တတိယ အထပ်ရှိ (2P) အထည်ဆိုင်မှ ဆေးလိပ်တိုဟု ယူဆရသည့် မီးလောင်ကျွမ်းမှု ကြောင့် ၁၀ ပေ ပတ်လယ် မီးလောင်ကျွမ်းခဲ့ရာ စုစုပေါင်း ကျပ် ၉၅ သိန်းဖိုး မီးလောင်ဆုံးရှုံးခဲ့သလို ယင်း ဖြစ်စဉ်ကြောင့် ဟိုတယ်အတွင်း တည်းခိုသူဧည့်သည်များ ထိတ်တလန့် ဖြစ်ခဲ့ပြီး၊ မီးခိုငွေ့တွေကြောင့် မူးဝေ အော့အန်ပြီး၊ ၉ လွှာသို့ တက်ရောက်သူများ ရှိခဲ့သောကြောင့် အထပ်မြင့်မီးငြိမ်းသတ်ယာဉ်ဖြင့် ဧည့်သည် အချို့ကို ကယ််ဆယ်ခဲ့ရကြောင်း မြိတ်ခရိုင် မီးသတ် ဦးစီးဌာနရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးမှ ဦးစီးဌာနမှူး ဦးဇော်ဝင်းက“လောလောဆယ်တော့ ပေါ့ဆမီးလို့ ထင်ရတဲ့ ဆေးလိပ်မီးမှ တဆင့် လောင်တယ်လို့ မှတ်ချက်ပြု ထားပါတယ်၊ သေချာအောင်တော့ ဟုတ််မဟုတ် ဆိုတာ ဟိုတယ််မှာ ရှိတဲ့ CCTV မှတ်တမ်းတွေကို ကျွန်တော်တို့ ထပ်ပြီး စစ်ဆေးပြီးမှ အတည်ပြုလို့ ရဦးမယ်”ဟု ပြောသည်။

မီးလောင်မှုကြောင့် မီးသတ်ယာဉ် ၂၅ စီးနှင့် လူနာတင်ယာဉ် ၃၀ စီးတို့ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ည ၁၂ နာရီအချိန်တွင် မီးငြိမ်း နိုင်ခဲ့ပြီး၊ မီးငြိမ်းသတ်စဉ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂ ဦး၊ အရံမီးသတ တပ်ဖွဲ့ဝင် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် ခန်းအတွင်း မီးခိုးငွေ့ဖြင့် ပိတ်မိနေသည့် တည်းခိုဧည့်သည် ၁၁ ဦးကို မီးခိုးရှူမိသောကြောင့် မူးမေ့ သတိလစ်ခဲ့၍ မြိတ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ပို့ဆောင် ခဲ့ရကြောင်း သိရ သည်။

“ညက မီးလောင်မှုကြောင့် ဆေးရုံတင်ထားရတဲ့ လူနာများ အနက် တစ်ဦးပဲ ကျန်ပါတော့တယ်၊ ကျန်တာက တော့ အကုန်လုံး ပြန်ဆင်းသွားပါပြီ၊ ကျန်ခဲ့တဲ့တစ်ဦးက မီးသတ်တပ်ဖွဲ့ဝင်ပါ။ကယ်ဆယ်ရေးလုပ်နေစဉ် ဟိုတယ်မှန်တံခါးကို ရိုက်ခွဲရာမှ လက်ကို မှန်ကွဲ ပြတ်ရှသွားတာပါ၊ လက်ရှိတော့ ဆေးကုသ ခံနေရဆဲ”လို့ မြိတ်ပြည်သူဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါ ဟိုတယ်သည်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ပထမအကြိမ် လျှပ်စစ်မီး အပူလွန်ကဲရာမှ မီးလောင်မှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အခု တစ်ကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ် ဖြစ်ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

အဆိုပါ ဟိုတယ်အတွင်း မီးလောင်မှုတွင် မီးသတ်ဆေးဘူးများဖြင့် ငြိမ်းသတ်ခဲ့သော်လည်း မီးခိုးငွေ့ မွှန်သဖြင့် မထိရောက်ဘဲ မီးသတ်ယာဉ်များမှ စုစုပေါင်း ရေဂါလံ ၂၉၇၀၀ ခန့် အသုံးပြု ငြိမ်းသတ်ခဲ့ပြီး၊ မီးလောင်မှု တာဝန်ရှိသူ ဦးစည််သူလင်းအား မြိတ်မြို့မရဲစခန်းရုံးမှ ပ(၁၆၉၂/၂၀၁၈)၊ပုဒ်မ(၂၈၅) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရ သည်။

Mizzima Weekly