"နာဂဒေသ ဖွံ့ဖြိုးဖို့ ဘယ်သူတာဝန်ယူမှာလဲ”

"နာဂဒေသ ဖွံ့ဖြိုးဖို့ ဘယ်သူတာဝန်ယူမှာလဲ”
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးခရိုင်အတွင်းမှာရှိတဲ့ နာဂဒေသဟာ ဖွံ့ဖြိုးမှုအားနည်းတဲ့ ဒေသဖြစ်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် စားဝတ်နေရေးကလည်း ခက်ခဲပါတယ်။တောင်စဉ် တောင်ထိပ်တွေကြားမှာ ကျေးရွာတွေက တည်ထားတာပါတယ်။ကျေးရွာတစ်ရွာနဲ့တစ်ရွာကို အများစုက ခြေလျင်သွားကြပြီး တစ်ချို့က ဆိုင်ကယ်တွေနဲ့သွားကြရပါတယ်။

ဒီဒေသမှာ သောက်သုံးရေကခက်၊ကျန်းမာရေး စောင့်ရှောက်မှုက မဲ့တာကြောင့် ရောဂါအမျိုးမျိုးလည်း မကြာခဏ ဝင်ရောက်နေပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ကျန်းမာရေး အသိမရှိတာကြောင့်လည်း ရောဂါတွေ ဖြစ်လာရင် လူသေဆုံးမှုတွေပါ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကနေ စက်တင်ဘာလဆန်းပိုင်းအထိဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေးကြောင့် လူ ၇ ဦးအထိ သေဆုံးခဲ့ပါတယ်။လမ်းပန်းကျေးရွာက ၄ ဦး၊ရှန်ဟဲ ပေါ်ကွန်နဲ့ရှန်ဟဲ၊နောက်ညို ကျေးရွာတွေက တစ်ဦး စီ သေဆုံးခဲ့ပါတယ်။လူသေဆုံးခဲ့တဲ့ ရွာတွေလည်း ရွာလုံးကျွတ်နီးပါး ရောဂါ ခံစားခဲ့ရသလို ကျန်ရွာတွေ လည်း ရွာလုံးကျွတ်နီးပါး ခံစားခဲ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

"ရောဂါက ရွာလုံးကျွတ်တွေ ဖြစ်တာပါ။အဓိကကတော့ ဖြစ်ဖြစ်ချင်း စောင့်ရှောက်မှု မလုပ်နိုင်တာပဲ။ အကူအညီ လည်းမရဘူး။သွားလာဖို့လည်းခက်တယ်။"လို့ ရှန်ဟဲပေါ်ကွန်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှာ်ပုန်းက ပြောပါ တယ်။

နာဂဒေသက ကျေးရွာအများစုဟာ ကျန်းမာရေးအတွက် ဆေးပေးခန်းမရှိသလို တစ်ရွာနဲ့တစ်ရွာ သွားဖို့ ကလည်း ခက်ပါတယ်။ဒေသခံအများစုက မိရိုးဖလာ ရိုးရာတောင်ယာကို လုပ်ကိုင်စားသောက်ကြပါတယ်။ ခေတ်မီတဲ့ စိုက်ပျိုးနည်းစနစ်တွေ လှေကားထစ် စိုက်ပျိုးရေးတွေ ထွန်ကားအောင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေက ကြိုးစားနေကြပါတယ်။ဒါပေမယ့်လည်း ဒီအိမ်မက်ကလည်း ဝေဝေဝါးဝါးပါပဲ ရှိနေပါသေးတယ်။ ပညာရေးမှာဆိုရင်လည်း စာသင်ကျောင်းတွေနဲ့ကျောင်းသား၊ကျောင်းသူတွေသာရှိပြီး ဆရာ၊ဆရာမ မရှိတာကြောင့်ကျောင်းပေါင်း ၁၃ ကျောင်းထက်မနည်း ပိတ်ရမယ့် အခြေအနေဖြစ်နေပါတယ်။

"တောင်းတယ်မရဘူး။အခုလည်း တောင်းနေတာပဲ။ပိတ်ရမယ့်ကျောင်းက ၁၃ ကျောင်းရှိတယ်။"လို့ လဟယ်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်ကပြောပါတယ်။

ဒီဒေသတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရတဲ့ဒေသဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်ရမယ့် ကိစ္စမှာ အစိုးရသာမက နာဂဦးစီးမှာလည်း တာဝန်ရှိပါတယ်။ဒါပေမယ့် ကျေးရွာတွေနဲ့ ထိတွေ့မှုအားနည်းသလို ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေမှုတွေလည်း နှောင့်နှေးမှုတွေ ရှိနေတာကြောင့် လွှတ်တော်ကိုယ်စားလှယ် တွေကလည်း ဝေဖန်မှုတွေရှိပါတယ်။

"အဓိကက နာဂဦးစီးကို အားမရဘူး။ဒီဘက်မှာဆို သူက ဝန်ကြီးချုပ်ပဲလေ။လုပ်နေတာတွေက အားမ ရဘူး။"လို့ ခန္တီးမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးကပြောပါတယ်။

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက ပညာရေးအတွက် ဆရာ၊ဆရာမ လိုအပ်ချက်တွေကို နာဂဦးစီးထံ တင်ပြပေမယ့်လည်း မရခဲ့ပါဘူးလို့သိရပါတယ်။ဒါ့အပြင် ကျန်းမာရေးအတွက်လည်း ရောဂါဖြစ်ပွားတတ်တဲ့ အချိန်မှာ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုတွေ အသိပညာပေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြ ပါတယ်။သို့သော်လည်း အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။ ပညာရေးအတွက် ကျောင်းဆရာ ဆရာမတွေ လိုအပ်နေလို့ သက်ဆိုင်ရာကို စာတင်ပြတောင်းဆိုပေမယ့်လည်း ဖြည့်ဆည်းပေးလာခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

"ရောဂါဖြစ်တော့လည်း လာတာနောက်ကျတယ်။ နာဂဦးစီး ဆိုတာ ကျွန်တော်တို့ သခင်ပဲ။ ဦးဆောင်သူပဲ။ ဘုရားသခင်ပဲ။ဒါပေမယ့် မလာဘူး။ လာတဲ့အချိန်က နောက်ကျတယ်။တစ်ချို့ လွှတ်တော်ကိုယ်စားလှယ် တွေလည်း မလာပါဘူး။"လို့ ရှန်ဟဲပေါ်ကွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှာ်ပုန်းက ပြောပါတယ်။

နာဂဒေသမှာ ကျန်းမာရေးလိုအပ်ချက်နဲ့ ပညာရေး လိုအပ်ချက်တွေက နှစ်စဉ် မြင့်တက်လျှက်ရှိနေပါတယ်။ ဒီလို လိုအပ်ချက်တွေအပေါ် အကူအညီတွေ တောင်းခံခဲ့ပေမယ့် ထိရောက်မှုတော့ မရှိသေးပါဘူး။ဒါ့အပြင် ရောဂါဖြစ်ပွားမှုတွေကြောင့် အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်ရှိနေတဲ့ ဒေသခံတွေကို လာရောက် လှူဒါန်းကြတဲ့အခါမှာလည်း လမ်းပန်းဆက်သွယ်ရေးကြောင့် ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်ကြရပါတယ်။

"လှူတဲ့သူရှိရင်ကိုပဲ ကျွန်တော်တို့အတွက် ဝန်ထုတ်ဝန်ပိုးရှိပါတယ်။ ခရီးစရိတ်တွေက များတယ်။ လွယ်လွယ် ကူကူ သွားလာဖို့ ခက်လို့ပါ။"လို့ ဦးကေဆိုင်းက ဆိုပါတယ်။

လက်ရှိမှာတော့ ရောဂါဖြစ်ပွားခဲ့တဲ့ဒေသတွေကို လာရောက်ကူညီလှူဒါန်တာဆိုလို့ ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းပဲရှိတယ်လို့ အုပ်စုအုပ်ချုပ်ရေးမှူးတွေကဆိုပါတယ်။ ရောဂါဖြစ်ပွားခဲ့တဲ့ နန်းယွန်း မြို့နယ်ဆိုရင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရော နာဂဦးစီးရော ကူညီဆောင်ရွက်ပေးတာတွေ မရှိတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဦးအောင်ဆန်းမြင့် ကဆိုပါတယ်။

"ကျွန်တော်တို့က လမ်းမကျွမ်းဘူး။နယ်မကျွမ်းဘူး။တကယ်ဆို ကိုယ့်ဒေသကို လာလှူတာ ကူညီပေးသင့် ပါတယ်။ကျွန်တော်တို့ ဒီဘက်လာမယ်ဆိုတာ နာဂ ဦးစီးကိုရော လွှတ်တော်ကိုယ်စားလှယ်ရော ကြိုပြီး အကြောင်းကြားတယ်။"လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလာရောက်လှူဒါန်းမှုကို ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နဲ့လဟယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တို့ကပဲလိုအပ်တာတွေ ကူညီပ့ံပိုးပေးတယ်လို့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

နာဂဦးစီးနဲ့သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲဲ့ ကျေးရွာတွေနဲ့ ထိတွေ့မှုနည်းတာ ကူညီပ့ံပိုးမှု မရှိတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရဖို့ အားနည်းနိုင်တယ်လို့ လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်ကဆိုပါတယ်။

"၂၀၂ဝမှာ မလွယ်ဘူး။နာဂဦးစီးရဲ့ စီမံခန့်ခွဲမှုကို အားမရဘူး။"လို့ဆိုပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသမှာ မှတ်ပုံတင်လုပ်ဖို့ကိစ္စတွေ သက်ကြီးရွယ်အို ထောက်ပံ့ကြေး ပေးအပ် တာတွေ ကိုယ်ဝန်ဆောင် ထောက်ပ့ံပေးမှုတွေကို ဒေသခံတွေက ယခုအထိ မရရှိကြသေးပါဘူး။ဒါတွေဟာ နာဂဦးစီနဲ့အုပ်ချုပ်ရေးအဖွဲ့တွေက စီမံဆောင်ရွက်ရမှာလဲဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ် ကဆိုပါတယ်။

"လမ်းလည်းမပေါက်။ရေလည်းမရ။စိုက်ပျိုးမြေလည်း ခက်တဲ့ရွာတွေကို ရွှေ့ပြောင်းဖို့ လုပ်နေတယ်။ လွှတ်တော် ကိုတင်ပြပြီး အစိုးရအကူအညီ ရအောင်လုပ်သွားမယ်။"လို့ လဟယ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကယ်ကပြောပါတယ်။

ဒါ့အပြင် တယ်လီဖုန်းလိုင်းတွေမရတာကြောင့် အရေးပေါ်ဆက်သွယ်ဖို့အတွက် အိုင်ကွန်တွေ အသုံး ပြုခွင့် ပေးဖို့လည်း လိုအပ်နေပါတယ်။လတ်တလောကတော့ တစ်ရွာ တစ်လုံးပဲ အသုံးပြုခွင့် ရပါတယ်။ လုံခြုံရေး အတွက် တစ်ရွာ တစ်လုံးပဲ အစိုးရအဖွဲ့က အသုံးပြုခွင့်ပေးထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

"အစိုးရကိုမမျှော်ဘဲ ကိုယ်တိုင်လူနေမှု ပုံစံပြောင်းသင့်တယ်။ပညာရေး အားနည်းတော့ အသိမရှိတော့ဘူး။ အစိုးရကလည်း ဖြည့်ဆည်းပေရမှာပေါ့။"လို့ ကျောင်းဆရာ ဦးအုန်းလွင်က ပြောတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က "နာဂဒေသ မတိုးတက်ဘဲနဲ့ စစ်ကိုင်းတိုင်း ဖွ့ံဖြိုးတိုးတက်တယ်လို့ မဆိုနိုင်ပါဘူး။နာဂဒေသ ဖွံ့ဖြိုးတိုးတက်မှ စစ်ကိုင်းတိုင်း ဖွံ့ဖြိုးတိုးတက်မယ်။"လို့ ဆိုပါ တယ်။

ဝန်ကြီးချုပ်က ဒီလိုတွေ ပြောထားပေမယ့်လည်း နာဂဒေသကလမ်းတွေကတော့ ဘုရားတ သွားနေရတုန်းပဲ ဖြစ်ပါတယ်။ နာဂဒေသ ဖွံ့ဖြိုးဖို့အတွက် အဓိက လမ်းပန်းဆက်သွယ်ရေးဆိုပေမယ့် ဒေသခံတွေရဲ့ အလုပ် အကိုင်အခွင့်အလန်း၊သန့်ရှင်းတဲ့သောက်သုံးရေရရှိဖို့ စာသင်ကျောင်းတွေမှာ ဆရာရရှိမှုနဲ့ကျန်မာရေး စောင့် ရှောက်မှုတွေရရှိဖို့က ပိုပြီး အရေးကြီးနေပါတယ်။

လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့က နာဂဦးစီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အချိုးညီ ပူးပေါင်း ဆောင်ရွက်ဖို့ လို့ပါတယ်။ဒါမှလည်း အစိုးရအဖွဲ့က ချထားပေးတဲ့ ဒေသဖွံ့ဖြိုးရေး ဘဏ္ဍာငွေတွေ အလေအလွှင့် နည်းမှာလည်း ဖြစ်ပါတယ်။

လဟယ်မြို့၊နန်းယွန်းမြို့၊လေရှီုးမြို့မှာနေထိုင်တဲ့ နာဂတွေကြည့်ပြီး ဖွံ့ဖြိုးနေပါပြီ တိုးတက်နေပါပြီ ဆိုတာကို ယုံနေရင်တော့ အစိုးရအဖွဲ့ဟာ မျက်ကန်းတောတိုး ဖြစ်နေမှာပဲ။ အစိုးရအဖွဲ့က ဝန်ကြီးတွေ ဝန်ကြီးချုပ် တွေကလည်း နာဂရိုးရာပွဲ လာတုန်းမှာ လမ်းတွေကောင်းနေတာ စည်ကားနေတာမြင်ပြီး နာဂဒေသကတော့ ဖွံ့ဖြိုးတိုးတက်နေပြီလို့ အထင်ရောက်နေရင်တော့ ကျေးရွာနေ နာဂတွေ ရောဂါတွေ ခံစားနေရဦးမှာပဲ။ သေနေ ဦးမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လာမယ့် ၂၀၁၉ခုနှစ် ဇန်နဝါရီလထဲမှာ လေရှီုးမြို့မှာ ပြုလုပ်မယ့် နာဂရိုးရာပွဲအတွက် ပြင်ဆင် နေကြပါပြီ။ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ ပြည်တွင်း ပြည်ပဧည့်သည်တွေ တစ်ဖွဲဖွဲ လာကြဦးမှာ ပါ။ပြည်တွင်း ပြည်ပ သတင်းဌာနတွေ လာကြဦးမှာပါ။ပွဲတော်လာမယ့် လမ်းတစ်လျှောက်နဲ့အနီးအနား ကျေးရွာတွေကို ပြုပြင် တာတွေလုပ်ပြီး ဖွံ့ဖြိုးလာပြီလို့ အမြင်ရောက်ကြဦးမှာပါ။ နာဂရိုးရာပွဲပွဲပြီးတော့ ပြန်ကြတဲ့အခါ  နာဂဒေသက လမ်းတွေ ကောင်းနေပြီ ကျေးရွာတွေ တိုးတက်နေပြီလို့ အထင်တွေရောက်ကောင်း ရောက်နေကြပါလိမ့်မယ်။ ဒါပေမယ့် နာဂဒေသက ကျေးရွာတွေအများစုကတော့ ဒုံရင်း ဒုံရင်းနဲ့ ရောဂါဖြစ်မယ့်နေ့ သေမယ့်နေ့ကို စောင့်ပြီး တောင်ယာလေးလုပ်လိုက်။တောလိုက်ရင်းနဲ့ ဘဝတွေကို ခရီးဆက်နေကြပါတယ်။

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မြို့ကြီးပြကြီးတွေလောက်သာ ကွက်ပြီး စည်ပင်တိုးတက်နေလို့ မရပါဘူး။ တစ်နိုင်ငံလုံး တစ်ပြည်လုံး တောရော မြို့ပါမကျန် ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်နေပါတယ်။ ဒီမိုကရေခေတ် အစိုးရတွေ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မဲမရခင်က တစ်မျိုး မဲနိုင်ပြီး လွှတ်တော်ထဲ ရောက်သွားရင် တစ်မျိုး အမျိုးမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဘတ်ဂျက်တွေတော့ ချပေးလိုက ပြီ။ ကျန်တာတော့ ကိုယ်ထူ ကိုယ်ထလုပ်ကြဟေ့ဆိုတဲ့ ပုံစံမျိုးတွေတော့ မဖြစ်သင့်ပါဘူး။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ဝေးလံခေါင်ဖျား ဒေသတွေမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေရဲ့ဘဝတွေကို စောင့်ရှောက်ဖို့လိုအပ်နေပါပြီ။ အလုပ်အကိုင်အခွင့်လမ်းကိစ္စတွေကို နောက်ထားပြီး ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေအတွက် ပညာရေးဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ ဖြည့်ဆည်းပေးကြဖို့ အဓိက လိုအပ်လျှက်ရှိနေပါပြီ။ဒါတွေကို ဖြည့်ဆည်းပေးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ မဇ္စျိမက မေးခွန်းထုတ်လိုက်ပါပြီ။ ဝေးလံခေါင်းဖျားဒေသက ပြည်သူတွေရဲ့ ဘဝကို တစ်ချက်လောက်တော့ ငဲ့ကြည့်ကြပါလို့သာ တိုက်တွန်းလိုက်ပါရစေ။

 

    

 

Mizzima Weekly