မြိတ်တွင် ၇ ပေကျော်ရှိ ကမ်းနီး လင်းပိုင်အသေတစ်ကောင် တွေ့ရှိ

မြိတ်တွင် ၇ ပေကျော်ရှိ ကမ်းနီး လင်းပိုင်အသေတစ်ကောင် တွေ့ရှိ

မြိတ်၊ အောက်တိုဘာ ၂၄ ။           ။ မြိတ်မြို့၌ မြစ်ထဲတွင် ကမ်းနီး လင်းပိုင် (Bottle Nose Dolphin )အမျိုးအစား အသေတစ်ကောင်ကို ယမန်နေ့ အောက်တိုဘာ ၂၃ ရက်နေ့ ၂ နာရီခွဲအချိန်ခန့်က တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ကမ်းနီးနှုတ်သီး လင်းပိုင်ကို မြိတ်မြို့၊ ကန်ကြီးရပ်ကွက်ရှိ ဆားတံတားတွင် ကုန်တင်/ ကုန်ချ အလုပ်သမား များက မြစ်ထဲ၌ ငါးတစ်ကောင်အား မျောပါလာ၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာရုံးသို့ အကြောင်းကြား အသိပေး လာရာမှ သွားရောက်စစ်ဆေးရာ အထက်ပါအမျိုးအစား ဖြစ်နေကြောင်း သိရသည်။

မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက “ကုန်တင်/ ကုန်ချ အလုပ်သမားတွေက စတွေ့တာပါ၊ သက်ဆိုင်ရာ အဖွဲ့စည်းတွေနဲ့ သွားစစ်တော့ ကမ်းနီးနှုတ်သီးလင်းပိုင် Bottle Nose Dolphin (Tursiop aduncus) အမျိုးအစား ဖြစ်တယ်”ဟု ပြောသည်။

ယင်း လင်းပိုင်သည်၊ ကမ်းနီးတွင် ကျက်စားသည့် လင်းပိုင် ဖြစ်ပြီး၊ စစ်ဆေးချက်အရ ဒဏ်ရာ ရရှိခြင်းမရှိဘဲ  သေဆုံးနေခြင်း ဖြစ်ပြီး၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဖြစ်နိုင်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။

အဆိုပါ လင်းပိုင်သည်၊ ၇ ပေ၊ ၉ လက်မ၊ လုံးပတ် ၄ ပေ၊ ၃ လက်မနှင့် အမြီးဖျား အကျယ်မှာ ၂ ပေနှင့် ၁ လက်မ ရှိကြောင်း သိရကာ၊ ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ သဲထဲမြှပ်၍ အရိုးထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

Mizzima Weekly