သရုပ်ဆောင် မင်းသွေးကို ရည်စူးပြီး သီရိမေတ္တာမွန်ပရဟိတဂေဟအသင်း(ဗဟို)မှ ကောင်းမှုကုသိုလ်ပြု

သရုပ်ဆောင် မင်းသွေးကို ရည်စူးပြီး သီရိမေတ္တာမွန်ပရဟိတဂေဟအသင်း(ဗဟို)မှ ကောင်းမှုကုသိုလ်ပြု
 ဓာတ်ပုံ -ဉာဏ်ထက်လင်း

သထုံ၊ အောက်တိုဘာ ၂၄ ။          ။ သီရိမေတ္တာမွန်အသင်း(ဗဟို)မှ နှစ်စဉ်ကျင်းပပြုလုပ်သော သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဆွမ်းကပ်နှင့်တရားနာ အခမ်းအနား၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော သရုပ်ဆောင်/အဆိုတော် မင်းသွေး(ခ) ကိုနေမင်းအောင်အား အထူး ရည်စူး၍ မွန်ပြည်နယ်၊ သထုံမြို့ သုဓမ္မဝတီမြို့သစ် ဝေဠုဝန်ကျောင်း၌ ယနေ့ သီတင်းကျွတ်လပြည့်တွင် ဆွမ်းအလှူတရားတော်နာ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

"ကိုမင်းသွေးအတွက် အသင်းအနေနဲ့အခုလိုလုပ်ပေးတယ်ဆိုတာကလည်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပုံစံမျိုးပါ။ ကိုမင်းသွေးရော၊ ကိုနေတိုးရောက သထုံမှာ မြန်မာ့ပထမဆုံးဆောက်လုပ်မဲ့ သီရိမေတ္တာမွန်တိုင်းရင်းသားပေါင်းစုံစာကြည့်တိုက်ကြီးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့တာမျိုးရှိသလို ပရဟိတအရေးဆိုရင် လိုအပ်ရင်လိုအပ်သလိုခေါ်ဖို့လည်း ပြောထားခဲ့သူပါ။ အခုလို ရုတ်တရက် မထင်မှတ်ဘဲ ကြွေလွင့်ခဲ့တဲ့အပေါ် ကျွန်တော်တို့အသင်းကလည်း တတ်နိုင်တဲ့ဘက်လေးကနေ သူ့သံသရာဘဝခရီးမှာ အထောက်အပံ့အတွက် ပြန်ပြီး ကုသိုလ်နဲ့ ကျေးဇူးဆပ်ပေးလိုက်တာပါ။ အခုလိုလုပ်ဖို့အတွက်လည်း ကိုမင်းသွေးမိဘတွေဆီက ခွင့်ပြုချက်ရပြီးပါပြီ"ဟု အသင်းဥက္ကဋ္ဌ(ဗဟို) ကိုဉာဏ်ထက်လင်းက ပြောသည်။

မြန်မာ့ပထမဆုံးတိုင်းရင်းသားစာကြည့်တိုက်ကြီး တည်ဆောက်နိုင်ရေးအတွက် သရုပ်ဆောင်မင်းသွေးနှင့် နေတိုးတို့က အဓိက ကူညီခဲ့ကြောင်း ယင်းအသင်းမှ သိရသည်။

" အစ်ကိုမင်းသွေး ကောင်းရာသုဂတိလားပါစေ ဟု သီရိမေတ္တာမွန်အသင်းမှ ဆုတောင်းပေးပါကြောင်း ၊ အခုလိုကျင်းပခွင့်ပြုပါသော ဘဘဦးအောင်သန်းနှင့် အရီးဒေါ်သန်းမြိုင် ၊ကိုဇော်လင်းအောင်၊ ကိုနေလင်းအောင်(အကယ်ဒမီနေတိုး)နှင့် မဆုမွန်အောင်တို့အားလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း" ကိုဉာဏ်ထက်လင်းက ဆိုသည်။

သရုပ်ဆောင်မင်းသွေးသည် အောက်တိုဘာလ ၃ ရက်နေ့က ဘောလုံးကန်ပြီးနောက် အမောဖောက်ရာမှ  လဲကျခဲ့ပြီး ပါရမီ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း  ၎င်းအောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းတွင် ကွယ်လွန်ခဲ့သည်။

သီရိမေတ္တာမွန် ပရဟိတအသင်းကို သထုံ၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူး၊ စစ်တွေ ၊ မုံရွာ၊ ဘိုကလေး၊ ရန်ကုန်နှင့် မွန်တိုင်းရင်းသားအဖွဲ့ ၊ ပအိုဝ်းတိုင်းရင်းသားအဖွဲ့ဟု ဖွဲ့စည်းထားပြီး အသင်းခွဲများ၏ ဒေသတွင်းရှိ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်စောင့်ရှောက်ရေး၊ ဘာသာရေး ၊ ပညာရေး၊ လူမှုဖွံ့ဖြိုးရေးများကို လိုအပ်သလို လုပ်ဆောင်ပေးနေသော ပရဟိတအသင်းဟု သိရသည်။