ယောဓလေ့ မီးကြာလှည့်လည်ပူဇော်ပွဲတော်နှင့် သနပ်ခါးပါးတို့ပွဲ ကျင်းပ

ယောဓလေ့ မီးကြာလှည့်လည်ပူဇော်ပွဲတော်နှင့် သနပ်ခါးပါးတို့ပွဲ ကျင်းပ
ဓာတ်ပုံ - ဇော်မျိုးသန့်

ယောအရပ်ဒေသဖြစ်သည့် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၌ ရပ်ကွက်၊ကျေးရွာများတွင် မီးကြာလှည့်လည်ပူဇော်ပွဲကျင်းပ၍ ဘုရားရှင်အားရည်မှန်းကာ ဆီမီးပူဇော်ပွဲတော်နှင့်အတူ သနပ်ခါးပါးတို့ပွဲကို အောက်တိုဘာလ ၂၄ ရက်၊ သီတင်းကျွတ်လပြည့်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ယောဒေသ၏ ရိုးရာဓလေ့ဖြစ်သည့် မီးကြာလှည့်လည်ပူဇော်ပွဲတော်နှင့် အတူသနပ်ခါးပါးတို့ပွဲကို အဖိတ်နေ့နှင့်လပြည့်နေ့ ၂ ရက်တွင် ကျင်းပခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ယောဒေသ သနပ်ခါးပါးတို့ပွဲမှာ ဆီမီးပူဇော်ရန် မီးကြာအုပ်များ ကိုင်ဆောင်ကာ စီတန်းရောက်ရှိလာကြတဲ့အမျိုးသမီးငယ်များအား သနပ်ခါးပါးတို့မည့်အမျိုးသမီးများက ရင်းရင်းနှီးနှီး ဆီးကြိုနှုတ်ဆက်၍ ပါးပြင်သို့ သနပ်ခါးဖြင့် ထိတို့ပေးတယ်။ တို့ထားတဲ့သနပ်ခါးများ လှပအောင် မျက်နှာချေညှိနိုင်ရန် မှန်ကိုင်ထားသည့် လုလင်ပျို အမျိုးသားနှစ်ဦးက မှန်ကို ထောင်၍ပြပေးရပါတယ်။ မီးကြာကိုင်အမျိုးသမီးငယ်များက မိမိစိတ်ကြိုက် မျက်နှာကို ချေညှိပြီးသည့်အခါ မှန်ကိုင်အမျိုးသားများက မှန်ကိုမြောက်ပေးရာ ရှေ့ဆက်၍ မှန်တစ်ချပ်ဆီသို့ ဆက်သွားရပါတယ်။ မှန်တစ်ကို ကျော်ဖြတ်ပြီးသည့်အခါ ပါးတို့ရန် အသင့်စောင့်ဆိုင်းနေသည့်အဖွဲ့မှ ထပ်မံ၍ သနပ်ခါးဖြင့် ပါးကို ထိတို့လိုက်ရာ နောက်ထပ် မျက်နှာကို ချေညှိရပြန်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဝင်္ကပါ ပါးတို့ပွဲမှာ မှန်တန်းပေါင်း ၄၀ ကျော်ရှိပါတယ်"ဟု မီးကြာဖြစ်မြောက်ရေးတာဝန်ခံတစ်ဦးဖြစ်သည့် ဦးအောင်စိုးလင်းက အောက်တိုဘာလ ၂၃ ရက်တွင် ပြောသည်။

အောက်တိုဘာလ ၂၃ ရက်ကလည်း ဆောမြို့ ရှင်မာလဲဘုရားကွင်းပြင်ရှိ ဝင်္ကပါတွင်ယောဓလေ့ပွဲတော်တစ်ခုဖြစ်သော သနပ်ခါးပါးတို့ပွဲကျင်းပရာ မြို့ပေါ်ရပ်ကွက်ရှိလူငယ်မောင်မယ်များက ပါဝင်ဆင်နွှဲခဲ့ကြသေးသည်။

"ဒီ ယောဒေသရဲ့ချစ်စရာရိုးရာဓလေ့ သနပ်ခါးပါးတို့ပွဲကို စိတ်ဝင်စားနေ တာကြာပြီ။ ဆောမြို့မှာ သူငယ်ချင်း တွေရှိတယ်ဆိုတော့ ဒီနှစ်သီတင်းကျွတ်ကို သွားဖြစ်အောင်သွားမယ်ဆိုပြီး အားခဲခဲ့ရတာလေ။ တကယ် လက်တွေ့ ကိုယ်တိုင်ပါဝင်ဆင်နွဲရတော့ ထင်ထားတာထက်တောင် အရမ်းပျော်ဖို့ကောင်းတယ်။ လူငယ်တွေ အနေနဲ့ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မြဲစေသည့်အပြင် ပျော်ရွှင်စရာပွဲတော်မှာ ကျွန်မအတွက်ကတော့ ဒီက ယောဒေသရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေကို အမှတ်တရဖြစ်နေမှာပါ" ဟု ပြင်ဦးလွင်မှ လာရောက် ဆင်နွှဲနေသည့် ဟု မီးကြာကိုင်လှပျိုဖြူ မကေခိုင်မောင်က ပြောသည်။

အဆိုပါသနပ်ခါးပါးတို့ပွဲကို မီးကြာလှည့်ပွဲနှင့်တွဲဖက်၍ ကျင်းပလေ့ရှိပြီး ယခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်၌ ဆောမြို့တွင် ဇေယျာရပ်ကွက်၊ ရတနာရပ်ကွက်နှင့်သန်းမြင့်ခုံရပ်ကွက်တို့မှ မီးကြာမီးအုပ်ပေါင်း ၁၅၀ ကျော်တို့ဖြင့် ရှင်မာလဲဘုရားကွင်းပြင်ရှိဝင်္ကပါနှင့် လမ်းဘုရားကွင်းပြင်ရှိ ရတနာဝင်္ကပါ တို့တွင် မီးကြာလှည့်ပွဲနှင့် သနပ်ခါးပါးတို့ပွဲတို့ဖြင့် ဆီမီးပူဇော်ခြင်းကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ ယောဓလေ့ရိုးရာပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Weekly