အနံ့ဆိုးထွက်ငါးအမှုန့် ကြိတ်စက်ရုံများကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး ပြော

အနံ့ဆိုးထွက်ငါးအမှုန့် ကြိတ်စက်ရုံများကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး ပြော
 မြိတ် ငါးအမှုန့်ကြိတ်စက်လုပ်ငန်းခွင်တစ်ခုအား တွေ့မြင်ရစဉ်။

မြိတ်၊ အောက်တိုဘာလ ၂၂ ။           ။ မြိတ်မြို့တွင် ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံဆိုးများ ထွက်ရှိနေ၍ စည်းကမ်းမလိုက်နာသည့် စက်ရုံအား ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောခဲ့ကြောင်း သိရသည်။

ဝန်ကြီး ဦးဖြိုးဝင်းထွန်းက " စစ်ဆေးတဲ့အချိန်ကလည်း တော်တော် များနေပြီ၊ အစိုးရကိုပဲ မထီလေးစားတာလား၊ ပြည်သူကိုပဲ ဂရုမစိုက်တာလား နားမလည်တော့ပါ၊ မြိတ်မြို့မှာ လာလုပ်တဲ့ လုပ်ငန်းကို အားလုံးကြိုဆိုပါတယ်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်နေတဲ့အချိန်မှာ စက်ရုံတစ်ခု ပိတ်လိုက်တယ်ဆိုတာ မဖြစ်စေချင်ပါ၊ ဒါ့အတွက် စောင့်ဆိုင်းလာတဲ့အတိုင်းအတာကလည်း ကျော်လွန်နေပြီ ဖြစ်တဲ့အတွက် စည်းကမ်းမလိုက်နာတဲ့ ငါးအမှုန့်ကြိတ်စက်ရုံအား ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်တော့မယ်”ဟု အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

စက်ရုံဘက်မှ တာဝန်ရှိသူများကို ပြီးခဲ့သည့်ရက်ပိုင်းက ဝန်ကြီးက ခေါ်ယူသတိပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံများမှာ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ၊ အင်းလေးမြိုင် စက်မှုဇုံတွင် ငါးအမှုန့်ကြိတ် စက်ရုံ ၄ ရုံရှိပြီး၊ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထော်- ပထက်  ကျွန်းပေါ်တွင် ၁ ရုံ ရှိကာ စုစုပေါင်း စက်ရုံ ၅ ရုံ ရှိသည်။

ငါးမှုန့်ကြိတ် စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ဆိုးဆိုးဝါးဝါး ခံစားရ၍ မြို့ခံပြည်သူများက ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမ အဦးဆုံး မြိတ်တွင် လူထု အင်အားဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ယခုအောက်တိုဘာလ ၁၅ ရက်ဝန်းကျင်ခန့်က အနံ့ဆိုးများမှာ ပြန်လည်ထွက်ရှိနေခြင်း ဖြစ်ပြီး၊ မြို့ခံပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

" ဝန်ကြီးက ပြတ်ပြတ်သားသား ပြောခဲ့ပြီးပါပြီ၊ အစည်းအဝေးမှာ နောက်တစ်ကြိမ် အခုလိုမျိုး ဒီကုမ္ပဏီတွေနဲ့ ထပ်မလုပ်တော့ပါဘူး၊ ပိတ်သိမ်းတဲ့အထိ အရေးယူမယ် ဆိုတာ ပြောထားပြီးသားပါ၊ ဒေသန္တရအမိန့် ထုတ်ပြန်ပြီး စည်ပင်ဥပဒေအရ အရေးယူသွားတော့မှာပါ”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ထို့အပြင် စည်/ ကော်မှ ငါးမှုန့်အနံ့ဆိုးကိစ္စနှင့် ပတ်သက်၍ စနစ်တကျ မလုပ်ဆောင်ခြင်း၊မလတ်ဆတ်သော ငါးများအား ဝယ်ယူခြင်း၊ အနံ့ဆိုးထွက်ရှိသော ချမှတ်ထားသည့် စည်းကမ်းကို မလိုက်နာသော စက်ရုံကို ဒေသန္တရ အမိန့် (၁၈၈) အရ အမိန့်နှင့် အရေးယူသွားမည့်အပြင် ပတ်ဝန်းကျင်နေထိုင်သူများအတွက် ကျန်းမာရေး အန္တရာယ်ရှိသည့် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၇၂) အရ လုပ်ငန်းနေရာကို အသုံးမပြုဘဲ ထားရှိခြင်း၊ (သို့မဟုတ်) ပြင်ဆင်ဆောင်ရွက်စေခြင်းအပြင် ဥပဒေအရ ဆောင်ရွက်သွားနိုင်ရန် ထုတ်ပြန် ထားသည်။

“အခု လက်ရှိကတော့ ကျွန်တော်တို့ စက်ရုံတွေဖက်က အနံ့ဆိုးနဲ့ ပတ်သက်ပြီး၊ ခံဝန်လက်မှတ်တွေ ထိုးထားရပါတယ်၊ ထပ်ပြီး အနံ့တွေ ထွက်လာရင် တရားစွဲဆို၊ ထောင်ချတဲ့အထိ အချက်တွေ သတိပေးထားတယ်" ဟု အပြည်ပြည်ဆိုင်ရာ ထူးထူးတိုးကုမ္ပဏီမှ တာဝန်ခံမန်နေဂျာ ဦးအောင်အောင်မျိုးက ပြောသည်။

လက်ရှိတွင် ငါးမှုန့်ကြိတ်စက်ရုံများကို စောင့်ကြည့် ကာလဖြင့် စက်ရုံ ၁ ရုံ ၂၄ နာရီ ၁ ရက် အလှည့်ကျ စနစ်ဖြင့် လုပ်ငန်းလည်ပတ်ခွင့် ပေးထားပြီး အနံ့ဆိုးများ ထွက်ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း စက်ရုံများထံမှ သိရသည်။

ယင်းစက်ရုံ ၅ ရုံအနက် ၄ ရုံမှာ မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်တောင်နယ်မြေ၊ နောက်လယ်ရပ််ကွက်နှင့် အလယ်ကျွန်းနယ်မြေ စသည့် ရပ်ကွက်များတွင် အနီးဆုံးတွင် တည်ရှိကြောင်း သိရသည်။

Mizzima Weekly