လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

တကယ်တော့ စကားပြေအကြောင်း စဉ်းစားကြ ဝေဖန်လေ့လာကြရတဲ့အလုပ်ဟာ ပျော်စရာကောင်းပါတယ်။ ဆန်းကြယ်တာတစ်ခုကတော့ စကားပြေလေ့လာခြင်းဆိုတာ ကျနော်တို့နေ့စဉ် ပြောဆိုနေကြတဲ့စကားတွေကိုပဲ ပြန်ပြီး စနစ်တကျ ခွဲခြမ်းစိတ်ဖြာကြရတာဖြစ်တော့ အံ့သြဖို့ကောင်း ဆန်းကြယ်ဖို့ကောင်းနေသလိုပါပဲ။ ကိုယ်နေ့စဉ်ပြောဆိုနေတဲ့စကားတွေဖြစ်တာမို့ ဘာခက်တာမှတ်လို့ဆိုပြီး ထင်စရာရှိပေမယ့် တကယ်တမ်း လေ့လာတဲ့အခါ ကိုယ်တစ်သက်လုံးပြောဆိုလာခဲ့တဲ့စကားတွေမှာ တကယ့်ကို စည်းစနစ်တွေ ရှိနေတာပါလားဆိုပြီး သိလိုက်ရတဲ့အခါ ခံစားရတဲ့အရသာကလည်း တော်တော်လေးကို သိမ်မွေ့တာတွေ့ကြရပါ။

ကျနော်တို့ အချင်းချင်းပြောတဲ့စကားရှိပါတယ်။ ဒီလူက စကားပြောသိတ်ကောင်းတာပဲ။ သူပြောလိုက်ရင် ရှင်းနေတာပဲ…ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အမွှန်းတင်တတ်ကြတာရှိပါတယ်။ အဲဒါ တကယ်တော့ အဲသလိုချီးမွမ်းခံရတဲ့သူဟာ အဲဒီ စကားပြောကောင်းတယ်ဆိုတဲ့သူဟာ သူ့စကားတွေကို စည်းနဲ့စနစ်နဲ့ ကျကျနန ပြောတတ်လို့ပါပဲ။ သူဟာ စကားပြေကို စနစ်တကျပြောတတ်တဲ့သူပါပဲ။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက သူကိုယ်တိုင်ကတော့ သူပြောတဲ့စကားပြေမှာ ဘယ်ဟာက ဦးဆောင်ဝါကျဖြစ်တယ်၊ ဘယ်ဟာက ကတ္တား၊ ဘယ်ဟာက ကံ၊ အစရှိတဲ့ စကားပြေရဲ့ သတ်မှတ်ချက်အပိုင်းအကန့်တွေကိုတော့ သိရှိနားလည်ထားလို့မဟုတ်ပါဘူး။ ဒါက ဘာသာဗေဒလေ့လာသူ ပညာရှင်များသာလျင် လေ့လာလို့သိရှိထားတဲ့အချက်ပါ။ ဒါက ဘာသာဗေဒပညာရပ်ကိစ္စသပ်သပ်ဖြစ်ပါတယ်။

ကဲ ဒီကနေ့ တော့ မနေ့တုန်းက မပြီးသတ်သေးတဲ့ ဦးဆောင်ဝါကျအကြောင်းအရာကို ဆက်ကြရအောင်ပါ။

အောက်ပါစာပိုဒ်ကိုဖတ်ကြည့်ပါ။

“သောင်ပုရွာမှာ လူငယ်အဖွဲ့(ကာလသားအဖွဲ့) ရှိပါတယ်။ အလှူပွဲလမ်းရှိတဲ့အခါ နာရေးကိစ္စကြုံတဲ့အခါ ရွာလူငယ်တွေဟာ တမင်ဖိတ်ကြားဖို့မလိုဘဲ အလှူအိမ်တို့ နာရေးရှိတဲ့အိမ်တို့ကို ရောက်လာလေ့ရှိပါတယ်။ သူတို့ဟာ အလှူရှိတဲ့အခါ နာရေးကိစ္စရှိတဲ့အခါ မနက်ကိုဘယ်အချိန်လာရမယ်၊ ကိစ္စပြီး်တဲ့အခါ ဘယ်အချိန်ကြမှပြန်ရမယ်၊ မပြန်ခင် ဘယ်လိုကိစ္စတွေကို အပြီးအပြတ်လုပ်ရမယ်၊ အစရှိတဲ့စည်းကမ်းတွေကို သတ်မှတ်ပေးထားတဲ့ အများသဘောတူစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြပါတယ်။ ခိုခြင်းကပ်ခြင်း မလုပ်တတ်ကြပါဘူး။ သာရေးနာရေကိစ္စတွေမှာ ခိုခြင်းကပ်ခြင်းဟာ ရှက်စရာကောင်းတဲ့အကျင့်ဆိုပြီး လူငယ်တိုင်းက သဘောပေါက်ထားကြပါတယ်။ တကယ်တော့ သောင်ပုရွာကာလသားအဖွဲ့ဟာ စံပြုထို်က်တဲ့လူငယ်အဖွဲ့ဖြစ်ထိုက်ပါတယ်။”

ဒီစာပိုဒ်ဟာ သောင်ပုရွာ လူငယ်အဖွဲ့အကြောင်း ရေးထားတာပါ။ ဒီစာပိုဒ်မှာ သောင်ပုရွာလူငယ်အဖွဲ့ဟာ စံပြုထိုက်တဲ့အဖွဲ့ဖြစ်တဲ့အကြောင်း အချက်အလက်တွေနဲ့တကွ ဖေါ်ပြပြီးမှ စာပို်ဒ်ရဲ့နောက်ဆုံးကြမှ သောင်ပုရွာလူငယ်အဖွဲ့ဟာ စံပြုထိုက်တဲ့လူငယ်အဖွဲ့ဖြစ်တယ်ဆိုပြီး နိဂုံးချုပ်ပါတယ်။ ဒီစာပိုဒ်ရဲ့ အဓိကဝါကျဟာ အဲဒီနောက်ဆုံးဝါကျပါပဲ။ ကျန်တဲ့ဝါကျတွေဟာ နောက်ဆုံးဝါကျကို အထောက်အကူပြုဝန်းရံပေးကြရတဲ့ ၀ါကျတွေဖြစ်ပြီး ဒီစာပိုဒ်ရဲ့ နောက်ဆုံးဝါကျဖြစ်တဲ့ သောင်ပုရွာကာလသားအဖွဲ့့ဟာ စံပြုထိုက်တဲ့လူငယ်အဖွဲ့ ဖြစ်ထိုက်ပါတယ် ဆိုတဲ့ဝါကျတော့ ဦးဆောင်ဝါကျပါပဲ။ ဒါကိုကြည့်ရင် ဦးဆောင်ဝါကျဟာ စာပိုဒ်ရဲ့ပထမဆုံးဝါကျဖြစ်တတ်သလို စာပိုဒ်ရဲ့နောက်ဆုံးဝါကျလည်း ဖြစ်နေတတ်တာ တွေ့ကြရမှာပါ။

ဦးဆောင်ဝါကျအထားအသို နောက်ထပ်တမျိုးရှိပါသေးတယ်။ အဲဒါကတော့ ဦးဆောင်ဝါကျကို စာပုဒ်ရဲ့အလယ်မှာထားရှိတဲ့ စာပိုဒ်ပါ။ အောက်ပါစာပိုဒ်ကိုဖတ်ကြည့်ပါ။ ဒီစာပိုဒ်ကတော့ ဆရာကြီးဦးတင့်ဆွေရဲ့စာအုပ်ထဲက ာကောက်နှုတ်ထားတာပါ။

…….. လောက၌ လူဟူသည်မှာ ကိုယ်နှင့်စိတ် နှစ်ခုပေါင်းမှ လူဖြစ်လာရခြင်းဖြစ်သည်။ ကိုယ်ကိုသာအစာကျွေးပြီး စိတ်ကိုအစာမကျွေးဘဲထားလျင် အကျိုးနည်းလိမ်မည်။ ‘ကိုယ်ခန္ဓာကြီးအတွက် ထမင်းဟင်းများ နေ့စဉ်အသင့်ရှိရန်လိုအပ်သကဲ့သို့ စိတ်အတွက်လည်း စာအုပ်စာပေဗဟုသုတ တိုးပွားစရာအဖြာဖြာနှင့် အမြဲပြည့်စုံနေရန် အရေးကြီးလှပါပေ၏။’ ထို့ကြောင့် အမျိုးကိုချစ်ပြီး နိုင်ငံကိုခင်တွယ်၍ သားသမီးများကို သနားကြင်နာကြသော လူကြီးသူမဟူသမျှတို့သည် မိမိတို့၏အိမ်တွင် စာအုပ်စာပေ၊ မဂ္ဂဇင်းနှင့် သတင်းစာများ ရှိသင့်သလောက် ရှိအောင်လည်းကောင်း၊ စာသံပေသံများ အမြဲလိုပင် ပေါ်ပေါက်နေအောင်လည်းကောင်း၊ အထူးဂရုပြုသင့်လှပေကြောင်း......”

ဒီစာပိုဒ်ရဲ့ အဓိက ဆိုလိုရင်းက ခန္ဓာကိုယ်ကို အစာကျွေးနေရသလို စိတ်ကိုလည်းအစာကျွေးဖို့ လိုအပ်ကြောင်း ပြောချင်တဲ့ရည်ရွယ်ချက်ပါပဲ။ ဒီစာပိုဒ်မှာ ခန္ဓာကိုယ်ကို အစာကျွေးဖို့ဆိုတဲ့အချက် ပေါ်လွင်စေဖို့ စာပိုဒ်ရဲ့အစပို်င်းမှာ အားဖြည့်ဝါကျများအရင်လာပြီးမှ စာပိုဒ်ရဲ့အလယ်မှာ ဦးဆောင်ဝါကျကို ရေးထားတာ တွေ့ကြရမှာပါ။

ဒါဆိုရင် စာပိုဒ်တွေထဲမှာ ဦးဆောင်ဝါကျဆိုတာ ပါရှိလေ့ရှိတဲ့အကြောင်း၊ အဲဒီဦးဆောင်ဝါကျဟာ စာပိုဒ်ရဲ့အဦးဆုံးနေရာမှာပဲဖြစ်ဖြစ်၊ စာပိုဒ်ရဲ့နောက်ဆုံးနေရာမှာပဲဖြစ်ဖြစ် စာပိုဒ်ရဲ့အလယ်မှာပဲဖြစ်ဖြစ် နေရာယူထားလေ့ရှိကြောင်း သိကြရပါပြီ။ နောက်ထပ်ပြီး စဉ်းစားရဖို့ရှှိတာက စာပိုဒ်တိုင်းမှာ ဦးဆောင်ဝါကျ အမြဲပါရမယ်လို့ဆိုနိုင်သလားဆိုတော့လည်း အဲသလိုမဟုတ်သေးဘူးလို့ ပြောရမှာပါ။ ဦးဆောင်ဝါကျမပါတဲ့ စာပိုဒ်တွေလည်း ရှိတတ်ပြန်ပါတယ်။ စာပိုဒ်တစ်ပိုဒ်မှာပါရှိတဲ့ဝါကျတွေအားလုံး တစ်ခုနဲ့တစ်ခု ဘယ်ဝါကျကပိုပြီးအရေးကြီးတယ်ဆိုပြီး ပြောလိ့ုမရအောင် ၀ါကျတိုင်းအရေးပါနေတဲ့ စာပိုဒ်မျိုးတွေမှာ ဦးဆောင်ဝါကျဆိုတာ မပါတော့ပြန်ပါဘူး။ ဥပမာ အောက်ပါစာပိုဒ်ကို လေ့လာကြည့်ပါ။

“ လူလိမ်မာသည် မျက်နှာချို၏။ စကားသာ၏။ အမူအယာယဉ်ကျေး၏။ နှုတ်လျှာကိုထိန်း၏။ အသွားအလာ ရိုကျိုး၏။ မဆိုင်သည်ကိုယူလေ့မရှိ။ မမှန်ကန်သည်ကိုပြောလေ့မရှိချေ။”

ကဲ ဒီစာပိုဒ်မှာကြတော့ ဘယ်ဝါကျက အဓိကကျပြီး ဦးဆောင်နေတဲ့ဝါကျဖြစ်နေသလဲ။ အကုန်လုံးအရေးပါနေတာ တွေ့ကြရမှာပါ။ ပါရှိတဲ့ဝါကျတွေရဲ့အရေးပါမှုက ၀ါကျတစ်ကြောင်းနဲ့တစ်ကြောင်း အတူတူဖြစ်နေတာတွေ့ကြရမှာပါ။ လူလိမ်မာတစ်ယောက်ရဲ့ဂုဏ်ကို ခြုံငုံပြီးမှ ဖေါ်ပြထားတဲ့သဘောပါပဲ။ ဒါကြောင့်မို့ ဒီလိုစာပိုဒ်မှာကြပြန်တော့ ဦးဆောင်ဝါကျဆိုတာ မပါပြန်ပါဘူး။

ကဲ ဒီနေ့လည်း ဒီနေရာမှာ ခဏရပ်နားခွင့်ပြုပါ။ နောက်နေ့တွေမှာ ပြန်တွေ့ကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပပြည့်စုံနိုင်ကြပါစေဗျား။

 

Mizzima Weekly