လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့မှာလည်း စာပိုဒ်အကြောင်း ဆက်လက်ဆွေးနွေးမှာပါ။

စာပိုဒ်ဆိုတာ ဘာလဲ။ ဘာကို စာပို်ဒ်အဖြစ် သတ်မှတ်ရမလဲ။

“ စာပိုဒ်ဆိုသည်မှာ ဆိုလိုချက်တစ်ရပ်ကို ၀ါကျများဖြင့် စုစည်းဖေါ်ပြထားသော စကားပြေအဖွဲ့အစုတစ်ခုဖြစ်သည်။” လို့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က ပြောခဲ့ပါတယ်။ ဒီအကြောင်းကို မနေ့တုန်းက ကျနော်တို့ အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဒီအဆိုအမိန့်ဟာ စကားပြေရဲ့ အခြေခံအင်္ဂါရပ်ကို ပြောပြတဲ့သဘောပါပဲ။

အဲဒီနောက် စာပုဒ်ခွဲတဲ့ကိစ္စကိုသွားကြပါတယ်။ စာပိုဒ် ဘာ့ကြောင့်ခွဲရသလဲ။ စာပိုဒ်ခွဲလို့ ရနိုင်တဲ့ အကျိုးကျေးဇူး။ အဲဒီအထိ ကျနော်တို့သွားခဲ့ကြပါတယ်။

ဒါကို ဆက်ပြီး ဆွေးနွေးကြမယ်ဆိုရင် စာပိုဒ်တစ်ခုချင်းစီမှာ အနည်းဆုံး အကြောင်းအရာတစ်ခုတော့ ပါလေ့ရှိတဲ့အကြောင်း အဲဒီအကြောင်းအရာကို စာဖတ်သူတွေ အပြည့်အဝနားလည်နိုင်စေဖို့ အားဖြည့်ပေးတဲ့ဝါကျတွေပါရှိတဲ့အကြောင်း ရောက်ခဲ့ပါတယ်။ ဥပမာ ၀ါကျတစ်ကြောင်း  ကျနော် ပြောပါ့မယ်။

“ စိတ်ထားကောင်းသူတစ်ဦးအဖို့ လောကဓံကို သူများထက် ပိုပြီးခံနိုင်ရည်ရှိသည်ဟု ယူဆကြပါသည်။ ”

ဒီဝါကျဟာ သူတစ်ကြောင်းတည်းလည်းပဲ ဆက်မရေးဘဲရပ်တည်လို့ရတဲ့စာကြောင်းပါပဲ။ ဒါက ၀ါကျဖွဲ့စည်းမှု အခြေခံစည်းမျဉ်းဖြစ်တဲ့ သဒ္ဒါဖွဲ့စည်းမှုအရ ပြည့်စုံနေလိ့ုဖြစ်ပါတယ်။ ဒါပေမယ့် စာဖတ်သူက ဒီဝါကျ ဘာကိုဆိုလိုတယ်ဆိုတာသိပေမယ့် ဘာ့ကြောင့် ဒီလိုယူဆကြတာလည်း ဆိုတဲ့အဖြေကိုကြတော့ မသိနိုင်သေးပါဘူး။ ပြည့်စုံတဲ့ အကြောင်းအရာတစ်ခု မဟုတ်သေးသလိုဖြစ်နေပါတယ်။ စာဖတ်သူက မေးခွန်းထုတ်လို့ရအောင် မေးခွန်းထုတ်ချင်အောင် လမ်းခင်းထားတဲ့သဘောသက်ရောက်တဲ့ ၀ါကျပါပဲ။ ဒီတော့ကာ စိတ်ထားကောင်းသူတစ်ဦး လောကဓံကို ဘာ့ကြောင့် သူများထက်ခံနိုင်ရည်ရှိတာ ရှင်းပြတဲ့ အခြားဝါကျတွေ နောက်ဆက်တွဲဝါကျတွေ၊ အထောက်အကူပြုဝါကျတွေ အရံဝါကျတွေ ရေးရပါတော့မယ်။ အဲဒီအခါ စာပိုဒ်တစ်ပိုဒ် ဖြစ်လာရပါတော့တယ်။

အဲသလို ၀ါကျ သုံးကြောင်းလေးကြောင်း ဒါမှမဟုတ် လိုအပ်သောက် ၀ါကျတွေစုဖွဲ့ထားတဲ့ စာပုဒ်တစ်ပိုဒ် ဖြစ်လာခဲ့ပါထဲတယ်။ ဒီတော့ ပြန်စဉ်းစားရင် အဲဒီစာပိုဒ်ထဲမှာ အဓိကကျတဲ့ဝါကျတစ်ကြောင်း ပါရှိနေတာရယ်နဲ့ အဲဒီအဓိကကျတဲ့ဝါကျကို ဝန်းရံပေးကြရတဲ့ အရံဝါကျတွေရယ်လို့ရှိလာတာ တွေ့ကြရပါတော့မယ်။ ကျနော်တို့စဉ်းစားခဲ့ကြတဲ့ စာပိုဒ်ထဲမှ  “ စိတ်ထားကောင်းသူတစ်ဦးအဖို့ လောကဓံကို သူများထက် ပိုပြီးခံနိုင်ရည်ရှိသည်ဟု ယူဆကြပါသည်။ ” ဆိုတဲ့ဝါကျဟာ ဒီစာပိုဒ်ရဲ့ အဓိကကျတဲ့ဝါကျပါပဲ။ သူ့အပေါ်မှာမူတည်ပြီးမှ တခြားဝါကျတွေ ထပ်ရေးရတာ ပါလာရတာပါ။ ဒါကြောင့်မို့ ဒီလိုဝါကျမျိုးကို ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကတော့ ဦးဆောင်ဝါကျဖြစ်တယ်လို့ သတ်မှတ်ပေးပါတယ်။ ပြန်ကောက်ကြရရင် စာပိုဒ်တစ်ပိုဒ်မှာ ဦးဆောင်ဝါကျနဲ့ အရံဝါကျတွေ ပါရှိလေ့ရှိတတ်တယ်လို့ ပြောနိုင်ပါတယ်။

ကောင်းပါပြီ။ စာပိုဒ်တွေ ခွဲရေးတာ ကျနော်တို့ပြောခဲ့ကြပါတယ်။ ဒီနေရာမှာ စာပိုဒ်ခွဲရေးတာဟာ စာမျက်နှာတပြင်လုံး စာပိုဒ်ကြီးတပိုဒ်ထဲအပြည့်ရေးမယ်ဆိုရင် ကြည့်ရရှုရတာ မကောင်းလို့ စာပိုဒ်ကလေးတွေခွဲရေးတာဖြစ်တယ်လို့ ယူဆကြတာလည်းရှိပါတယ်။ ဒီနေရာမှာ ကျနော့်အယူအဆကတော့ စာပိုဒ်ခွဲရေးတာဟာ ကြည့်လို့မြင်လို့လှအောင်ရေးတာထက် လိုအပ်ချက်အရ အပိုဒ်ခွဲတာက ပိုပြီးသင့်တော်မယ်လို့ယူဆပါတယ်။ အမြင်လှဖို့ထက် ပြောချင်တဲ့အကြောင်းအရာ ပိုမိုရှင်းလင်းပြည့်စုံစုစည်းစေဖို့ အပိုဒ်ခွဲတာမျိုးက ပိုပြီးဖြစ်သင့်ပါတယ်။ စာမျက်နှာအပြည့်တပြားထဲမဖြစ်ရအောင် ကြည့်လို့မြင်လို့အဆင်ပြေအောင် အပိုဒ်ခွဲတာဟာ အဲဒီအမြင်လှအောင်ခွဲတာဆိုတာတစ်ခုတည်းပိုပဲဦးစားပေးရင် ကိုယ်ခွဲချင်တဲ့နေရာက ဖြတ်ချပြီး အပိုဒ်ခွဲသလိုဖြစ်သွားမှာမို့အဓိပ္ပါယ်မပြည့်စုံတဲ့ အဓိပ္ပါယ်ချို့တဲ့တဲ့ စာပိုဒ်ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ဟာ လှဖို့အပိုဒ်ခွဲတာမျိုးမဖြစ်သင့်ဘဲ အကြောင်းအရာအရ လိုအပ်လို့ အပိုဒ်ခွဲရေးတာမျိုးပဲဖြစ်သင့်ပါတယ်။

ဒီနေရာမှာ ဆရာကြီးမောင်ခင်မင်ပြောသလို “ဦးဆောင်ဝါကျ”အကြောင်း အနည်းငယ်ဆွေးနွေးဖို့လိုအပ်လာပါတယ်။

“ဦးဆောင်ဝါကျ”ဆိုတာ ဘာလဲ။

စာပိုဒ်တစ်ပိုဒ်မှာ ဦးဆောင်ဝါကျဟာ အဲဒီစာပိုဒ်ရဲ့ ဦးစွာပထမနေရာယူထားတဲ့ဝါကျ ဖြစ်နေတတ်ပါတယ်။ ဒီစာပိုဒ်မှာ အရေးအကြီးဆုံးအခေျက်ကိုဖေါ်ပြတဲ့ဝါကျဖြစ်တာမို့လည်း စာပိုဒ်ရဲ့ပထမဦးဆုံးသောနေရာမှာ ဦးဆောင်သဘော နေရာယူလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။ စာဖတ်သူဟာ အဲဒီဦးဆောင်ဝါကျကို အရင်ဖတ်ပြီးတဲ့အခါ အော်ဒီစာပိုဒ်ဟာ ဘာ့ကြောင့်ရေးတာလည်း ဘာအကြောင်းအရာကို ရေးတာလည်းဆိုတဲ့ အသိကိုဖြစ်စေတဲ့ ၀ါကျပါပဲ။ နောက်တော့မှ နောက်ကဆက်လာနေတဲ့ဝါကျတွေကြောင့် အဲဒီပထမဆုံးဝါကျက ချပေးလိုက်တဲ့အဓိက ဦးဆောင်ဝါကျရဲ့ ဆိုလိုရင်းအပြည့်အစုံကို စာဖတ်သူ သိလာရတာဖြစ်ပါတယ်။ ဒါကြောင့်မို့  စာပိုဒ်ရဲ့ပထမဝါကျဟာ ဒီစာပိုဒ်တစ်ခုလုံးမှာ အခရာကျတဲ့ဝါကျ အရေးအပါဆုံးဝါကျ ဦးဆောင်ဝါကျဖြစ်တယ်လို့ ပြောခဲ့ကြတာပါ။ ဒါကတော့ ဦးဆောင်ဝါကျဟာ စာပိုဒ်ရဲ့ ဦးစွာပထမစာကြောင်း ဖြစ်နေတတ်တာကို ပြောခဲ့ကြတာပါ။ ဒီနေရာမှာ မေးစရာရှိတာက ဦးဆောင်ဝါကျတိုင်းဟာ စာပိုဒ်ရဲ့ဦးစွာနေရာမှာချည်းပဲ ရှိနေတတ်သလားဆိုတဲ့ အမေးပါပဲ။ ယတိပြတ်ဖြေရရင် အဲသလိုလည်း မဟုတ်ပြန်ပါဘူး။ ဦးဆောင်ဝါကျ နေရာယူမှုဟာ အရှင်သဘောပဲဖြစ်ပါတယ်။ ဦးဆောင်ဝါကျဟာ စာပိုဒ်ရဲ့အလယ်မှာ ဒါမှမဟုတ် စာပိုဒ်ရဲ့နောက်ဆုံးမှာ နေရာယူတတ်တာမျိုးလည်း ရှိပါတယ်။

စာပိုဒ်ဖွဲ့စည်းတဲ့အခါ စာရေးသူရဲ့ ခံစားမှု၊ ကျွမ်းကျင်မှုနဲ့ တီထွင်မှုအပေါ်မူတည်ပြီး စာပိုဒ်ခွဲတာ၊ ဦးဆောင်ဝါကျထားသိုတာ ဖြစ်ပါတယ်။

ကဲ ဒီကနေ့လည်း ဒီလောက်နဲ့ ရပ်နားလိုက်ပါဦးမယ်။ နောက်နေ့တွေမှာတော့ စာပိုဒ်တစ်ခုမှာ ဦးဆောင်ဝါကျကို အလယ်မှာထားခြင်း စာပိုဒ်ရဲ့နောက်ဆုံးပိတ်မှာထားခြင်းကိစ္စ ဆက်လက်ဆွေးနွေးပ့ါမယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly