တိဗက်မှာ မြေပြိုပြီး အဓိကမြစ်တစ်မြစ် ပိတ်ဆို့မှုဖြစ်ရာ လူပေါင်း ၆၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်း

တိဗက်မှာ မြေပြိုပြီး အဓိကမြစ်တစ်မြစ် ပိတ်ဆို့မှုဖြစ်ရာ လူပေါင်း ၆၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်း

တိဗက်၊ အောက်တိုဘာ ၁၉ ။             ။ တိဗက်ဒေသမှာ မြေပြိုမှုတစ်ရပ် ဖြစ်ပွားရာ ဒေသရ့ အဓိကမြစ်တစ်မြစ်ကို မြေတွေ လျှော့ကျပြီး မြစ်ကြောင်းပိတ်ဆို့မှု ဖြစ်ခဲ့ကာ လူပေါင်း ၆၀၀၀ နီးပါးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း တရုတ်အရေးပေါ်ဌာနက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။

ယာလန်ဆန်ပိုမြစ်မှာ ခုလို မြေကြီးတွေ ပိတ်ဆို့တာကြောင့် ရေအိုင်သဖွယ် ဖြစ်သွားခဲ့ပါတယ်။

တောင်ကြားတွေမှာ ဖြတ်သန်းစီးဆင်းတဲ့ ဒီမြစ်ဟာ အိန္ဒိယ ဗြဟ္မပုတ္တရမြစ်ထဲ စီးဝင်တဲ့ မြစ်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် နံနက်အစောပိုင်းမှာ တောင်စောင်းတွေမှာ မြေပြိုကျတာကြောင့် ခုလို မြစ်ကြောင်းပိတ်ဆို့ကာ ရေအိုင်လို ဖြစ်ထွန်းသွားရတာဖြစ်တယ်လို့ ဒေသအရေးပေါ် တုံ့ပြန်ရေးဗျူရိုက ထုတ်ပြန်ကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။

ခုလို သဘာဝဘေးဖြစ်ပေါ်ပေမယ့် ဒဏ်ရာရသူ၊ သေဆုံးသူသတင်း မရှိသေးဘူးလို့ ဗျူရိုက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း ဒီလို မြစ်ကြောင်းပိတ်ဆို့မှုအကြောင်းကို အိိန္ဒိယထံ တစ်ချိန်နဲ့ တစ်ပြေးညီလှမ်းအကြောင်းကြားနေပါတယ်။

ခုလို မြစ်ကြောင်းမှာ မြေပြိုပြီး ပိတ်ဆို့မှုဖြစ််တာကြောင့် မြေနိမ့်ဒေသတွေက မြစ်ရေပြင်အနိမ့်အမြင့်အပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်ခြေလည်း ရှိနေပါတယ်။

ဒီမြေပြိုမှုဟာ မန်လင်းစီရင်စုက ရွာငယ်တစ်ရွာအနီးမှာ ဖြစ်ပွားတာဖြစ်ပါတယ်။ မြေကြီးဖုံးပြီး မြစ်ကြောင်းပိတ်ဆို့ရာက ဖြစ်လာတဲ့ အိုင်ဟာဆိုရင် အောက်တိုဘာ ၁၈ ရက်မှာ ရေအနက် မီတာ ၄၀ အထိ မြင့်တက်လျက် ရှိနေပြီ ဖြစ်ပါတယ်။