မျိုးသုဉ်းတော့မည့် တောင်ငုံးရင်မဲငှက် ထိန်းသိမ်းရန် အလုပ်ရုံ ဆွေးနွေးပွဲ မြိတ်တွင် ပြုလုပ်

မျိုးသုဉ်းတော့မည့် တောင်ငုံးရင်မဲငှက် ထိန်းသိမ်းရန် အလုပ်ရုံ ဆွေးနွေးပွဲ မြိတ်တွင် ပြုလုပ်

မြိတ်၊ အောင်တိုဘာ ၇ ။         ။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီပါး ရှိနေသည့် ငှက်တစ်မျိုး ဖြစ်သော တောင်ငုံးရင်မဲငှက်အား အရေးတကြီး ထိန်းသိမ်းရန် အလုပ်ရုံ ဆွေးနွေးပွဲကို ယခုရက်ပိုင်း အတွင်း မြိတ်မြို့့မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အောင်တိုဘာ ၅ ရက်နေ့က မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ဟိုတယ် ဂရင်းဂျိတ်တွင် ပြုလုပ်ခဲ့ရာ သစ်တော ဦးစီးဌာန၊ ဇီဝမျိုးကွဲနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ BANCA၊ FFI နှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တောင်ငုံရင်မဲငှက် (Gurney’s pitta) သည်၊ အရွယ်အစား သေးငယ်ပြီး၊ အရောင်းအသွေး စုံလင်သော ငှက်မျိုးစိတ် ဖြစ်သည့်အပြင် မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်ရသော (Endangered) ငှက်မျိုးစိတ် ဖြစ်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်သာ တွေ့ရှိရပြီး၊ ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ သဘာဝတော ထဲတွင် လုံးဝ ပျောက်ကွယ်သွားပြီဟု သုတေသနပညာရှင်များက ဆိုထားသည်။

ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (သုတေသနနှင့် ထိန်းသိမ်းရေးဌာန) မှ ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင်က “ ဒီငှက်က မျိုးသုဉ်း ပျောက်ကွယ်တော့မယ် ဆိုပေမယ့် သူတို့ရဲ့ မျိုးစိတ်တွေက လက်ရှိမှာ အလွန်အမင်း ကျဆင်းလာနေတာ ဖြစ်တဲ့အတွက် ဒီကနေ့မှာ ဆိုလျှင် (Endangered) အဆင့် ဖြစ်နေလို့ အားလုံး ပူးပေါင်း ထိန်းသိမ်းပေးဖို့ အတွက် အရမ်းကို လိုအပ်နေတဲ့ မျိုးစိတ် ဖြစ်တယ်”ဟု ပြောသည်။

ယခု အခါမှာ မြန်မာနိုင်ငံ တစ်ခုတည်းတွင်သာ တွေ့ရှိနိုင်ပြီး၊ မြန်မာနိုင်ငံတွင်လည်း တနင်္သာရီ တောင်ပိုင်းတွင် သာ တွေ့နိုင်သော ငှက် မျိုးစိတ် ဖြစ်ပြီး၊ သုတေသန ပြုချက်အရ အကောင်ရေ ၅၀ ခန့်ကို ပြုလုပ်ခဲ့ကာ ခန့်မှနး်ချက်အရ အကောင်ရေ ၅၀၀ မှ ၈၀၀ နီးပါး ကျန်ရှိတော့ကြောင်း သိရသည်။

ယင်း ငှက်မျိုးစိတ်ကို လက်ရှိမှာ နိုင်ငံအတော်များများမှ ငှက်ပညာရှင်များနှင့် ငှက်ကြည့်ဝါသနာပါသူတို့က စိတ်ဝင်စားနေသည့် မျိုးစိတ် ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ၄င်းငှက်ရှိသည့် နေထိုင် ကျက်စားရာ လေညာ (အဆိုပြု) အမျိုးသားဥယျာဉ် အတွင်းရှိ ငဝန်ကို လာရောက် လေ့လာနိုင်ရန်နဲ့ ငှက်ကြည့် Tourism ခရီးသွား လုပ်ငန်း တစ်ခုကိုလည်း ထူထောင်ရန် အဖွဲ့စည်းများနှင့် ဒေသခံများ စိုင်းပြင်းနေကြသည်။

“တောင်ငုံးရင်မဲ ငှက်က နေထိုင်ကျင့်စားတဲ့ ဧရိယာက ကျက်မြောင်း ပါတယ်၊ နေရာတိုင်းမှာလည်း မရှိဘူး၊ နောက်ပြီး သူတို့ ကြိုက်တဲ့ တော အမျိုးအစားက တနင်္သာရီတိုင်းဘက်မှာ ရှိသလို မြေနိမ်မြေပြန့်မှာပဲ နေထိုင်ကြတယ်” ဟု Fauna & Flora International (FFI) ၏ တနင်္သာရီ ထိန်းသိမ်းရေး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးနေမျိုးဆွေက ပြောသည်။

တနင်္သာရီ အမျိုးသား ဥယျာဉ်အတွင်းရှိ တောင်ငုံးရင်မဲငှက် နေထိုင်ကျက်စားနေသည့် ဧရိယာများမှာ အဓိက ခြိမ်းခြောက် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု တစ်ခုမှာ ဒေသခံများ၏ တောင်ယာချဲ့ထွင်ခြင်းနှင့် ဆီအုန်း စိုက်ခင်း များသာ ဖြစ်ကြောင်း သိရသည်။

မြေနိမ်မြေပြန့် တောများသည် လွန်စွာ လျှင်မြန်နှုန်းဖြင့် ပျက်သုဉ်းလျက် ရှိပါသည်၊ ကမ္ဘာပေါ်တွင် အမြန်ဆုံး  ပျောက်ကွယ် နေသော တော အမျိုးအစား တစ်ခုလည်း ဖြစ်သည်၊ တောင်ငုံး ရင်မဲ ငှက် ၊ ကြိုက်နှစ်သင့်သည့် အကြီးမားဆုံး မြေနိမ့်မြေပြန့်တောများသည် မြန်မာနိုင်ငံတွင် ကျန်ရှိ နေပါသေးသည်၊ ထိုအထဲတွင် တနင်္သာရီတိုင်း ငဝန်ကြိုးဝိုင်း၌ မြေနိမ့်မြေပြန့်တော (၁၁၅,၃၄၉) ဧကသာ ရှိတော့သည်။

Mizzima Weekly