“ ကျွန်တော့်သမီး ဘယ်လိုလုပ် လေယာဉ်နဲ့ ထိမှာလဲပေါ့”

“ ကျွန်တော့်သမီး ဘယ်လိုလုပ် လေယာဉ်နဲ့ ထိမှာလဲပေါ့”
ဓာတ်ပုံ - AFP

အောက်တိုဘာ ၁၉၊ မင်းဘူး  ။            ။ အောက်တိုဘာလ ၁၆ ရက် နံနက် ၇ နာရီ ၄၀ ခန့်က မင်းဘူးမြို့မှ လူတစ်ချို့ ဝုန်းခနဲ အသံ ကြားလိုက်ရသည်။ ရေနံပေါများသောဒေသဖြစ်လို့ ရေနံတွင်းတစ်ခုခုများ ဖြစ်သလား ထင်လိုက်မိသည်ဟု ဒေသခံအချို့က ပြန်ပြောင်းပြောသည်။

တကယ့်ဖြစ်စဉ်ကတော့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက မကွေးလေတပ်စခန်း ဌာနချုပ် မှ F7 လေယာဉ် ၄ စီး လေ့ကျင့်ပျံသန်းစဉ်အတွင်း လေယာဉ် ၂ စီး ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျခဲ့သည်။ မင်းဘူးမြို့၏ တောင်ဘက် ဆားဗွက်ချောင်းတံတားအနီးတွင် တစ်စီး ပျက်ကျ၍ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် တစ်စီးပျက်ကျခဲ့သည်။

ဆားဗွက်ချောင်းတံတားအနီး ပျက်ကျခဲ့သောဖြစ်စဉ်တွင် ပဥ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်း( အသက် ၁၁ နှစ်) သည် လေယာဉ်အစိတ်အပိုင်းများ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့သော်လည်း ၈ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သည်။

တိုက်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်အပိုင်းအစထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသူ ငါးတန်းကျောင်းသူလေး မသွယ်ဇင်ငြိမ်း၏ မိသားစုဝင်များအနေဖြင့် ဆုံးရှုံးမှုအပေါ် ခံစားချက်များနှင့် ထိခိုက်ခံစားနေရဆဲ ဖြစ်သည်။

မသွယ်ဇင်ငြိမ်း၏ မိဘများမှာ ဦးဖိုးဖြူ၊ ဒေါ်ခင်နှင်းအေးတို့ဖြစ်ပြီး ၎င်းတို့မှာ မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ အေးမြသာယာမြို့ကွက်သစ် မင်းဘူး-အမ်းလမ်းမ မင်းဘူးမြို့ မြေစာရင်းရုံးအနီးတွင်နေထိုင်ပြီး အမေ့လက်ရာ ထမင်းဆိုင်ဖွင့်၍ အသက်မွေးဝမ်းကျောင်းနေသူများ ဖြစ်ကြသည်။ သမီးနှစ်ယောက်ရှိသည့်အနက် သေဆုံးသူ မသွယ်ဇင်ငြိမ်းမှာ သမီးကြီးဖြစ်ပြီး မိသားစုမှာ ငွေကြေးမပြည့်စုံသည့်အတွက် အဒေါ်ဖြစ်သူ( ကိုဖိုးဖြူ၏အစ်မ) ဒေါ်နုနုဝင်းနှင့်အတူ နေထိုင်စေကြောင်း၊ အပတ်စဉ် ကျောင်းပိတ်ရက်များတွင်သာ မိရင်းဖရင်းများနှင့်အတူ လာရောက်နေထိုင်စေခြင်းဖြစ်ကြောင်း သိရသည်။ ပညာကို လိုလားသူ မိန်းကလေးဖြစ်ပြီး ဆရာမအိမ်တွင် စာသင်အံကျက်မှတ်နေစဉ်အတွင်း အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရရှာသည်။

“ သမီး ၂ ယောက်ရှိတာကိုး။ အငယ်လေးက အဖေ ဖုန်းလာတယ်တဲ့။ ကျွန်တော်မကိုင်ဘူး။ ကျွန်တော်မိန်းမ ကိုင်လိုက်တယ်။ သမီး ဆေးရုံတက်လို့တဲ့။ ရိုးရိုးပေါ့၊ ဒီတိုင်းပဲထင်လိုက်တာ။ စာကျက်ဝိုင်းသွားတာဆိုတော့၊ လမ်းဆုံလမ်းခွဆိုတော့ ဆိုင်ကယ်နဲ့ကားလောက်ပဲ ထင်တာလေ။ ဆေးရုံရောက်တော့ လေယာဉ်နဲ့ ထိတဲ့ကောင်မလေးလားတဲ့၊ ကျွန်တော်က ကျွန်တော့်သမီး ဘယ်လိုလုပ် လေယာဉ်နဲ့ ထိမှာလဲပေါ့” ဟု ဖခင်ဖြစ်သူ ကိုဖိုးဖြူက ပြောပြသည်။

အဆိုပါလေယာဉ်အစိတ်အပိုင်းမှာ ခါးနှင့်တင်ပါးတို့တွင် လာရောက် ထိမှန်ခဲ့ခြင်း ဖြစ်သည်။

“ ဆေးရုံရောက်တော့ ဆရာဝန်ကြီးက ပုံတွေဘာတွေပြတယ်။ ပုံကြည့်ပြီး ကျွန်တော့သမီးအခြေအနေက မရတော့ဘူး။ မအေကတော့ မေးတယ်။ သမီးကြီးအခြေအနေ ဘယ်လိုတုန်းတဲ့။ ကောင်းတယ်၊ သွေးရှာနေတာပေါ့။ အဖေကတော့ ပုံကြည့်ပြီး ရင်ထဲမှာ ယူကျုံးမရ ဖြစ်နေတာပေါ့” ဟု ဖခင်ဖြစ်သူက ဝမ်းနည်းစကား ဆိုသည်။
သေဆုံးသည့်နေ့တွင် ရပ်ရွာဓလေ့အရ အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၄ နာရီခန့်က မင်းဘူးမြို့ မြို့မသုဿန်တွင် နေ့ချင်း မီးသင်္ဂြိုလ်ခဲ့သည်။

မသွယ်ဇင်ငြိမ်းအတွက် တိုင်းအစိုးရမှ ကျပ် ၁၀ သိန်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကျပ် ၁၀ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျပ် ၃ သိန်း၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးက ကျပ် ၁ သိန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျက်ကျလေယာဉ် ၂ စင်းမှ လေယာဉ်မှူး ၂ ဦးမှာ ဗိုလ်ကြီး ဟိန်းသူအောင်နှင့် ဗိုလ်ကြီး ဖြိုးမောင်မောင် ( စကုမြို့အနီး ပျက်ကျ)တို့ ဖြစ်ကြပြီး အဆိုပါ ၂ ဦးအတွက် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံက ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

“ နိုင်ငံတော်က စစ်တပ်ဖက် အားပေးတာ ချီးကျူးပါတယ်၊ အားပေးပါတယ်။ အမေစု အားပေးသလိုပဲ ခံစားရပါတယ်။ ဟို ၂ ယောက်ကို သဝဏ်လွှာပေးသလို ကျွန်တော်တို့မိသားစုကို သူ့ရဲ့ ရင်ထဲမှာ ဒီလို ရှိမယ်ဆိုတာ ကျွန်တော်တို့ ခံစားမိပါတယ်။ အမေစုက ကျွန်တော်တို့ရဲ့ အမေပဲလေ” ဟု မသွယ်ဇင်ငြိမ်း၏ ဖခင်က ဆိုသည်။

မသွယ်ဇင်ငြိမ်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ မရောက်ရှိလာခဲ့မှုအပေါ် မိခင်ဖြစ်သူ မခင်နှင်းအေးက အခုလိုပဲ တွေးတွေးဆဆ ပြောလိုက်ပါသည်။

“ မေ့နေလို့ပဲလား၊ အလုပ်များနေလို့ပဲလား မသိပါဘူး” ဟု သူက ဆိုသည်။  

အောက်တိုဘာ ၁၉ရက်နေ့ ညနေ ၅နာရီအချိန်တွင် လက်ရှိထမင်းဆိုင်တွင် ရဟန်းသံဃာ ငါးပါးပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်ကို မိသားစုများ တရားနာမည်ဖြစ်ပြီး သမီးဖြစ်သူ ကောင်းမွန်ရာဘဝရောက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း မိဘများဖြစ်သော ဦးခင်မောင်ဖြူနှင့်ဒေါ်ခင်နှင်းအေးတို့က ပြောသည်။

 

Mizzima Weekly