ဂျာမန်နိုက်ကလပ်မှာ ခိုက်ရန်ဖြစ်ပွားမှုအတွက် ဘာစီလိုနာကွင်းလယ်လူ ဗီဒယ် ယူရို ၈၀၀,၀၀၀ ဒဏ်ရိုက်ခံရ

ဂျာမန်နိုက်ကလပ်မှာ ခိုက်ရန်ဖြစ်ပွားမှုအတွက် ဘာစီလိုနာကွင်းလယ်လူ ဗီဒယ် ယူရို ၈၀၀,၀၀၀ ဒဏ်ရိုက်ခံရ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းရဲ့ ချီလီကွင်းလယ်လူ အာတူရို ဗီဒယ်ဟာ ပြီးခဲ့တဲ့ နှစ်က ဂျာမနီရှိ နိုက်ကလပ်တစ်ခုအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း အပြစ်တွေ့ရှိခဲ့တာကြောင့် ကြာသပတေးနေ့က မြူးနစ်တရားရုံးက ယူရို ၈၀၀,၀၀၀ (ပေါင် ၇၀၀,၀၀၀) ဒဏ်ငွေရိုက်ခဲ့ပါတယ်။

မြူးနစ်ခရိုင်တရားရုံးက ချီလီကစားသမားကို ရက် ၈၀ လုပ်ခပေါ် အခြေပြုပြီး ဘာစီလိုနာကစားသမားအတွက် တစ်နေ့လျှင် ယူရို ၁၀,၀၀၀ (ပေါင် ၈,၈၀၀) နဲ့ တွက်ချက်ပြီး ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

ဗီဒယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၃ နှစ်ကြာ ကစားခဲ့ပြီးနောက် သြဂုတ်လက ဂျာမန်ကလပ်အသင်းမှ ထွက်ခွာခဲ့ပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ဗုဒ္ဓဟူးနေ့က မက္ကဆီကိုအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ချီလီအသင်းအတွက် ကစားပေးခဲ့တာကြောင့် မြူးနစ်ရှိ တရားရုံးမှာ တရားသူကြီးရဲ့ စီရင်အမိန့်ကို ကြားနားနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက မြူးနစ်ရှိ Crown ကလပ်မှာ ဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ဗီဒယ်ရဲ့ ညီလည်း ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတုန်းက ဗီဒယ်ဟာ ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ် ကစားခဲ့ချိန်ကဖြစ်ပါတယ်။

ဗီဒယ်ရဲ့ ညီဖြစ်သူ အသက် ၂၅ ရှိ စန်ဒရီနိုကို အခင်းဖြစ်ပွားမှုအတွင်း ဖန်ခွက် ပစ်ပေါက်ခဲ့တဲ့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်အနေနဲ့ ရက် ၁၂၀ လုပ်ခပေါ် မူတည်ပြီး တစ်ရက် ယူရို ၁၅၀ နဲ့ တွက်ချက်ကာ ယူရို ၁၈,၀၀၀ (ပေါင် ၁၅,၈၀၀) ဒဏ်ရိုက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းနဲ့ ညီဖြစ်သူဟာ လူ ၂ ဦးကို တိုက်ခိုက်ကာ အသေးစားဒဏ်ရာရရှိခဲ့အတွက် စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။

ဗီဒယ်ဟာ ဘာစီလိုနာအသင်းဆီ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ပွဲထွက်ခွင့်အတွက် ရုန်းကန်နေခဲ့ရပြီး လာလီဂါ ၈ ပွဲမှာ ပွဲထွက်ခွင့် ၂ ကြိမ်သာ ရရှိခဲ့ပါတယ်။

Ref; Sky sports, EFE-EPA

 

Mizzima Weekly