သီတင်းကျွတ်ရုံးပိတ်ရက် ပင်လယ်ကမ်းခြေခရီးသွားမည့်သူများကို ဒေါက်တာထွန်းလွင် သတိပေး

သီတင်းကျွတ်ရုံးပိတ်ရက် ပင်လယ်ကမ်းခြေခရီးသွားမည့်သူများကို ဒေါက်တာထွန်းလွင် သတိပေး

နေပြည်တော်(အောက်တိုဘာ ၁၉ရက်၊ ၂၀၁၈ခုနှစ်)။     ။ လာမည့် သီတင်းကျွတ်ရုံးပိတ်ရက်ရှည်တွင် ပယ်လယ်ကမ်းခြေသို့ ခရီးသွားလာမည့်သူများ သတိထား သွားလာကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးနှိုးဆော်လိုက်သည်။

လာမည့် အောက်တိုဘာ ၂၃ရက်နှင့် ၂၄ရက်တို့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် အရှေ့လေပွေလှိုင်းတစ်ခု ဖြတ်သန်းလာမှုကြောင့် ချောင်းသာ၊ ငွေဆောင်နှင့် ငပလီ ပင်လယ်ဆိပ်ကမ်းအနီးတဝိုက်တွင် မုန်တိုင်းတစ်ခု ရွေ့လျားသွားနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

“ခန်းမှန်းချက်အရတော့ ၂၄-၁၀-၂၀၁၈ ရက်နေ့ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲကြား ကမ်းခြေကို ဖြတ်ကျော်ဖို့ ရှိနေပါတယ်။ ရုံးပိတ်ရက်ရှည် ဖြစ်တဲ့အတွက် ပင်လယ်ကမ်းခြေ ခရီးသွားများ သတိထားသွားလာကြဖို့ နှိုးဆော်ပါတယ်” ဟု အောက်တိုဘာ ၁၉ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
“သတိထားကြပါ။ သီတင်းကျွတ်လပြည့်နေ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းဖြစ်ဖို့ ရှိနေပါတယ်” ဟုလည်း ဒေါက်တာထွန်းလွင်က ဆိုထားသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Mizzima Weekly