AI နည်းပညာသုံး ဗီဒီယို ခေါ်ဆိုတဲ့ Portal စက်ကို ဖေ့ဘုတ် ကုမ္ပဏီ ထုတ်လုပ်ပြသ

AI နည်းပညာသုံး ဗီဒီယို ခေါ်ဆိုတဲ့ Portal စက်ကို ဖေ့ဘုတ် ကုမ္ပဏီ ထုတ်လုပ်ပြသ

လန်ဒန်၊ အောက်တိုဘာ ၉ ။             ။ လူမှုမီဒီယာကြီး ဖေ့ဘုတ်ကုမ္ပဏီကနေပြီး လူလုပ်အသိဉာဏ် AI နည်းပညာပါ ဗီဒီယိုခေါ်ဆိုဆက်သွယ်မှု စက်ကိရိယာကို အောက်တိုဘာ ၈ ရက်မှာ ထုတ်လုပ်လိုက်ပါတယ်။

အမေဇုံနဲ့ ဂူဂဲလ်ကုမ္ပဏီတွေပဲ လက်ရှိမှာ စျေးကွက်ကြီးစိုးထားတာကို ဝေစုခွဲယူဖို့ ဖေ့ဘုတ်ကုမ္ပဏီရဲ့ စျေးကွက်မဟာဗျူဟာအပြောင်းအလဲတစ်ရပ်အနေနဲ့ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

“ဒါဟာ ကုမ္ပဏီအတွက် ကြီးမားတဲ့ အရွှေ့တစ်ခုပဲ ဖြစ်ပါတယ်။”လို့ ဖေ့ဘုတ် ဒုတိယဥက္ကဌတစ်ဦးဖြစ်တဲ့ အင်ဒရူးဘော့စ်ဝတ်ရှ်က Portal လို့ ခေါ်ဆိုတဲ့ ဗီဒီယိုခေါ်ဆိုမှုစက်ကို ဖွင့်လှစ်မပြသခင် အေအက်ဖ်ပီကို ပြောပါတယ်။

“Messenger မှာရော၊ WhatsApp မှာပါ ဗီဒီယိုဖုန်းခေါ်ဆိုမှုတွေ များပြားမြင့်မားတာကို  ကျွန်တော်တို့ မြင်တွေ့နေရတယ်။ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲ ခေတ်ရေစီးကြောင်းပဲ။”လို့ ၎င်းက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ အောက်တိုဘာ ၉ ရက်နေ့မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်တဲ့ ဒီ Portal ဆိုတဲ့ စက်ဟာ သုံးစွဲသူတွွေအနေနဲ့ စက္ကရင်နဲ့ ကပ်ပြီး ဗီဒီယိုကောခေါ်ဆိုပြောရတာ၊ လက်ထဲမှာကိုင်ပြီး ဗီဒီယိုကောခေါ်ဆိုပြောရတာမျိုး လုပ်စရာ မလိုတော့တဲ့ လွတ်လွတ်လပ်လပ် ဗီဒီယိုကော ခေါ်ဆိုပြောနိုင်တဲ့ စက္ကရင်စက်တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစက်ကို အသုံးပြုဖို့ အိမ်အတွင်း ကင်မရာတပ်ဆင်ဖို့ လိုအပ်တာကြောင့်် ပုဂ္ဂလိကအတွင်းရေးတွေကို ဟက်ကာအလုပ်ခံရကာ ပေါက်ကြားမှု ဖြစ်စေနိုင်တဲ့ ပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။

လူမှုမီဒီယာကြီး ဖေ့ဘုတ်အနေနဲ့ အခုနှစ်ထဲမှာပဲ အသုံးပြုသူ သန်းပေါင်းများစွာရဲ့ အကောင့်တွေအပါဝင် အချက်အလက် ကျိုးပေါက်မှုတွေ ရင်ဆိုင်ကြုံတွေ့ထားတာပဲ ဖြစ်ပါတယ်။

 

Mizzima Weekly