လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့တော့ အောက်ပါ၀ါကျတွေကို အရင်ဖတ်ကြည့်ပြီး ၀ါကျတွေမှာ အသံရှိတဲ့အကြောင်းနဲ့ ဘယ်လိုအသံတွေရှိနေတယ်ဆိုတာ လေ့လာကြည့်ဖို့ရှိပါတယ်။ ပြီးတော့ အသံပြေပြစ်ချောမောတဲ့ ၀ါကျတွေဖြစ်နေဖို့အရေးအကြီးတဲ့အကြောင်း ဆွေးနွေးချင်ပါတယ်။

(၁) မအေးသောင်းသည် ချစ်ခင်ဖွယ်ကောင်းသော မိန်းကလေးဖြစ်၏။

(၂) မအေးသောင်းသည် ချစ်ခင်ဖွယ်ကောင်းသော မိန်းကလေးဖြစ်သည်။

(၃) မအေးသောင်းသည် ချစ်ခင်ဖွယ်ကောင်းသော မိန်းကလေးဖြစ်ပါသည်။

(၄) မအေးသောင်းသည် ချစ်ခင်ဖွယ်ကောင်းသော မိန်းကလေး ဖြစ်ပေသည်။

(၅) မအေးသောင်းသည် ချစ်ခင်ဖွယ်ကောင်းသော မိန်းကလေး ဖြစ်ပေသည်တကား။

ဒီဝါကျတွေမှာ သိသိသာသာ သတိပြုရမယ့်အချက်က ၀ါကျတိုင်းရဲ့အဆုံးမှာ ကြိယာတွေနဲ့ချည်းအဆုံးသပ်ထားတာ တွေ့ကြရတဲ့အချက်ရယ် ၀ါကျတိုင်းဟာ အဓိပ္ပါယ် အတူတူပဲဖြစ်ကြတယ်ဆိုတဲ့အချက်ပါပဲ။ ဘာကွာခြားသွားသလဲဆိုတော့ အသံထွက်ပြီးပဲဖတ်ကြည်ကြည့် အသံမထွက်ဘဲ စိတ်နဲ့ပဲဖတ်ကြည့်ကြည့် အသံစီးကြောင်း တစ်ခုနဲ့တစ်ခု မတူညီကြတာ တွေ့ကြရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု စိတ်စေတနာ အနေအထား ကွဲပြားနေကြတဲ့အချက်ပါပဲ။ အဲဒါ ဘာ့ကြောင့်လည်းဆိုတေ့ာ ကြိယာအဆုံးသတ်တွေ မတူညီကြတဲ့အချက် ကြိယာအသုံးပြုပုံ မတူကြတဲ့အချက်ပါပဲ။

၀ါကျအမှတ်(၁) နဲ့ အမှတ် (၂) တို့ရဲ့ အဆုံးသတ်စကားစု “ဖြစ်၏” နဲ့ “ဖြစ်သည်” တို့ဟာ သာမာန်အားဖြင့်ကြည့်ရင် အဓိပ္ပါယ် အတူတူချည်းပဲဖြစ်ကြပါတယ်။ ဒါပေမယ့် ဖြစ်သည်နဲ့ဖြစ်၏ ရဲ့ စေ့ဆော်မှုက စာဖတ်သူကို မတူတဲ့ခံစားမှုကို ပေးတာသတိပြုမိကြပါရဲ့လား။ “ဖြစ်၏” လို့အသံထွက်ဖတ်ရင် “ဖြစ်သည်” ဆိုတာထက် မအေးသောင်းဟာ ချစ်ခင်ဖွယ်ကောင်းတဲ့ မိန်းကလေးဖြစ်တယ်ဆိုတာကို “ဖြစ်သည်” ဆိုတဲ့ ၀ါကျထက်ပိုပြီး “ယတိပြတ် ပိုင်ပိုင်နိုင်နိုင်”ပြောလိုက်တဲ့သဘော သက်ရောက်နေတာ တွေ့ကြရ ခံစားကြရမှာပါ။ ။ တစ်ခါ “ဖြစ်သည်” က “ဖြစ်၏”ထက်ပိုပြီး ယဉ်ကျေးပြူငှာ ပြောဆိုလိုတဲ့အဓိပ္ပါယ်သက်ရောက်ပြီး “ဖြစ်၏” က ပြတ်ပြတ်တောင်းတောင်း မာဆတ်ဆတ် အသံဖြစ်နေတာတွေ့ကြရမှာပါ။ ဒါ့အပြင် “ဖြစ်ပေသည်” ဆိုတဲ့စကားက “ဖြစ်၏” နဲ့ “ဖြစ်သည်” ထက်ပိုပြီး “ခန့်ညားတဲ့သဘော” ခန့်ညားတဲ့အသံသဘောသက်ဝင်နေတာ တွေ့ကြရမှာပါ။ “ဖြစ်ပေသည်တကား” ဆိုတာကတော့ သူ့အထက်က စကားတွေကို တစ်စုတစ်စည်းတည်း သိမ်းကျုံးပြီး လေးလေးနက်နက် ပြောလိုက်တဲ့သဘော သက်ရောက်သွားတာ တွေ့ကြရမှာပါ။ ဒီလို အဓိပ္ပါယ်တူသည့်တိုင် စာဖတ်သူ ကြားရသူကို ခံစားနားလည်မှု တစ်ခုနဲ့တစ်ခုမတူညီ ကွာခြားသွားစေတဲ့အချက်ကဘာလဲ။ ဖြစ်၏ ဖြစ်သည် ဖြစ်ပေသည် ဖြစ်ပေသည်တကား ဆိုတဲ့ကြိယာအသုံးတွေ ကွာခြားသွားခြင်းရဲ့ စေ့ဆော်မှုတွေကြောင့်ပါပဲ။

ဒါကိုကြည့်ရင် ကျနော်တို့ဟာ ကြိယာအသုံးပြုပုံ ဘယ်လောက်အရေးပါတယ် ဘယ်လောက်ထိရောက်တယ်ဆိုတာ သိကြရမှာပါ။ ၀ါကျတွေမှာ အသံတွေပါကြတယ်၊ ၀ါကျတွေမှာပါတဲ့အသံတွေဟာ ၀ါကျအဆုံးမှာနေရာထားအသုံးပြုတဲ့ ကြိယာများ အသုံးပြုပုံ အသုံးပြုနည်းအပေါ်မူတည်ပြီး ၀ါကျတစ်ခုနဲ့တစ်ခု အသံတွေ ကွဲပြားခြားနားသွားကြတယ်ဆိုတဲ့အချက်ကို ထင်ထင်ရှားရှားကြီး တွေ့ကြရမှာပါ။

ဒါ့အပြင် စာရေးသူ ပြောဆိုသူရဲ့ စိတ်အခံ စေတနာအခြေအနေပေါ်မူတည်ပြီး အသုံးပြုတဲ့ဝါကျတွေ အသံအနေအထား ကွဲပြားသွားကြတာလည်း ရှိပါတယ်။ အောက်ပါ စာပုဒ်မှာပါရှိတဲ့ ၀ါကျတွေကိုကြည့်ပါ။

……သူသည် ကိုယ်စားပြီးသောပန်းကန် ဆေးကြောရမှာ ပြင်းရိသူဖြစ်သည်။ စားပြိီးသောစားပွဲကိုလည်း သန့်ရှင်းအောင် သုပ်လိုသူမဟုတ်ချေ။ ထို့ကြောင့် သူ့ကို ကျနော် ကြည့်မရပါ။…..

ဒီဝါကျတွေကိုဖတ်ကြည့်ရင် ပန်းကန်ဆေးရမှာ စားပွဲခုံရှင်းရမှာပျင်းရိသူအပေါ် အမြင်ကပ်နေသူတစ်ဦးရဲ့ စိတ်ခံစားချက်ကို ၀ါကျတွေမှာ အသုံးပြုတဲ့ကြိယာအသုံးတွေအပေါ်မူတည်ပြီး ဘာ့ကြောင့်အမြင်ကပ်နေတယ်ဆိုတာဖေါ်ပြတဲ့အသံတွေကို ကျနော်တို့တွေ့ကြရမှာပါ။ “ကြည့်မရပါ” ဆိုတဲ့အသုံးအနှုန်းဟာ မကြေနပ်တဲ့အသံ ယတိပြတ်ပြောချလိုက်တဲ့အသံ ဖြစ်နေတာ ကွက်ကွက်ကွင်းကွင်း ကြားလိုက်စေတဲ့ အသံပါပဲ။

နောက်ထပ် စာတစ်ပိုဒ် ဆက်ဖတ်ကြည့်ကြရအောင်ပါ။

…… ကျနော်တို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ ချစ်ခင်စွာစုပေါင်းနေထိုင်သော ပြည်ထောင်စုတိုင်းပြည်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း ထာဝစဉ်ချစ်ခင်စွာ လက်တွဲနေထိုင်တတ်ဖို့ လွန်စွာ အရေးကြီးပေသည်။ အကယ်၍ ကျနော်တို့သည် အချင်းချင်း မသင့်မမြတ် မညီမညွတ်ဖြစ်နေမည်ဆိုပါက ဤပြည်ထောင်စုကြီးသည် ၀ါးအစည်းပြေသကဲ့သို့ ပြိုကွဲပျက်စီးရချေတော့မည်မှာ အမှန်ပင်ဖြစ်ချေသည်တကား။……

ဒီစာပိုဒ်မှာ အသုံးပြုထားတဲ့ဝါကျတွေဟာ စည်းလုံးချစ်ခင်စွာ နေထိုင်လိိုတဲ့ စိတ်စေတနာနဲ့ ရေးထားတာတွေ့ကြရမှာပါ။ အဲဒီ စိတ်စေတနာက တွန်းပို့စေ့ဆော်မှုကြောင့် ပြေပြစ်ပြီး နားဝင်ချိုအောင်ပြောပြတဲ့အသံပါတဲ့ဝါကျတွေကို အသုံးပြုလိုက်တာတွေ့ကြရမှာပါ။

ဒါကြောင့်မို့ ကျနော်တို့ဟာ စကားပြောရာမှာပဲဖြစ်ဖြစ် စာချရေးတာပဲဖြစ်ဖြစ် ကိုယ်အသုံးပြုတဲ့ ၀ါကျတွေဟာ ကိုယ့်စေတနာ ကိုယ့်စိတ်ထားနဲ့ ကိုယ့်သဘောထားကို တကယ်ပေါ်လွင်အောင် ဖေါ်ပြနိုင်တဲ့ ၀ါကျတွေ ဟုတ်၏ မဟုတ်၏ အသေအချာ စဉ်းစားသင့် အသေအချာပြန်လည်သုံးသပ်ဖို့လိုအပ်ကြောင်း သတိပေးချင်ပါတယ်။

ကဲ ဒီကနေ့တော့ ဒီနေရာမှာပဲ ရပ်နားခွင့်ပြုပါ။ နောက်နေ့တွေမှာ ကျနော်တို့တတွေ ထပ်မံတွေ့ဆုံကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ပြည့်ဝ လှပကြွယ်ဝနိုင်ကြပါစေ။

Mizzima Weekly