လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ပြီးခဲ့တဲ့နေ့တွေတုန်းက စကားပို စကားထပ်များအကြောင်း ကျနော်တို့ပြောခဲ့ကြပါတယ်။

ဘယ်ဘာသာစကား ဘယ်စာပေမှာမဆိုင် သိုင်းသိုင်းဝိုင်းဝို်င်းဖြစ်အောင်  တဖက်သားအာရုံစိုက်ရလေအောင် ကိုယ်ရေးချင်တဲ့စာ တဖက်သားဖတ်ချင်အောင် သိုင်းသိုင်းဝိုင်းဝိုင်း ပြောရရေးရတာမျိုး ရှိပါတယ်။ ဒါပေမယ့် အထက်ကပြောခဲ့တဲ့ အလေးပေးဝါကျတည်ဆောက်မှု၊ စကားပို စကားထပ်များ ရှောင်ရှားနိုင်မှုကို သတိထားမှသာ သိုင်းသိုင်းဝိုင်းဝိုင်းပြောတဲ့အခါထိရောက်မှာပဲဖြစ်ပါတယ်။ အကယ်၍သာ အဲဒီအရာတွေကို သတိမထား မဆင်မခြင်ဘဲရေးရင်တော့ သိုင်းဝိုင်းရာမကျတော့ဘဲ ရှုပ်ထွေးရိုးအီတဲ့ ၀ါကျတွေပဲ ဖြစ်လာစေမှာ အမှန်ပါပဲ။

အဲဒီတော့ ဒီကနေ့တော့ သိုင်းသိုင်းဝိုင်းဝိုင်းဖြစ်အောင် ဘယ်လိုရေးသင့်တယ် ဘယ်လိုတော့မရေးသင့်ဘူးဆိုတဲ့ဆွေးနွေးချက်ကို သွားကြမှာပါ။

သိုင်းသိုင်းဝိုင်းဝိုင်းဖြစ်အောင်ရေးတယ်ဆိုတာက စာဖတ်သူများလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ ဘုရားသမိုင်းစာအုပ်တချို့၊ ဘုရင်တွေအကြောင်းရေးတဲ့စာအုပ်၊ မြို့သမိုင်းကိုရေးတဲ့စာအုပ်တွေမှာ သိုင်းသိုင်းဝိုင်းဝိုင်းဖြစ်အောင်ရေးထားတတ်တာမျိုးပါပဲ။ ဆိုလိုခြင်း လိုရင်းကိုမရောက်ခင် အဲဒီဘုရား၊ အဲဒီဘုရင်နဲ့ အဲဒီမြို့အကြောင်း ဟိုးကမ္ဘေကမ္ဘာကအစချီပြီး ဂုဏ်တွေဘွဲ့တွေ ဟုတ်တာမဟုတ်တာထား တွေးလို့ရသမျှ အကုန်ထည့်ရေးတတ်တာမျိုး ၀ိသေသနပုဒ်တွေ အထပ်ထပ်ထည့်ရေးထားတာမျိုး တွေ့ဖူးဖတ်ဖူးကြမှာပါ။ ဘုရားသမိုင်းရေးရင်လည်း ဟိုးကမ္ဘာတည်စအချိန်က အစချီလာတာမျိုး၊ ဘုရင်အကြောင်းရေးတော့လည်း မဟာသမ္မတမင်းကအစချီ ထီးအစင်းစင်းခရတဲ့ဘုရင်ဖြစ်ကြောင်း ဆွေစဉ်မျိုးဆက် တနံတလျား လူအကုန်ထည့်ရေးတာမျိုးဟာ တကယ်တော့ သိုင်းသိုင်းဝို်င်းဝိုင်းဖြစ်အောင်ရေးထားတဲ့စာတွေပါပဲ။

စာဆိုတာက သိုင်းတိုင်းဝိုင်းတိုင်း ချဲ့ကာထွင်ကာရေးတိုင်း အဆင်ပြေနိုင်ပါရဲ့လား။ မှန်ပါတယ် လိုအပ်တဲ့အခါ သိုင်းကာဝိုင်းကာ ဒီလိုပဲရေးကြရတာမျိုးရှိတာ အမှန်ပါပဲ။ ဒါပေမယ့် သိုင်းတတ်ဝိုင်းတတ်ရပါလိမ့်မယ်။ မသိုင်းတတ် မဝိုင်းတတ်ရင် တနည်းအားဖြင့် လိုအပ်တာထက်ပိုပြီး ၀ိသေသနပုဒ်တွေ ထပ်ကာထပ်ကာထည့်ရင် အဲဒီစာဟာ ဖတ်လို့ကောင်းနိုင်ပါ့မလား။ စဉ်းစားရမယ့်ကိစ္စပါ။

ဥပမာ လူသည် အမိအဖမရှိဘဲ လူဖြစ်မလာနိုင် ဆိုပြီး တစ်ကြောင်းထဲရေးရင် ဖြစ်နိုင်ရဲ့သားနဲ့ လူသားဆိုတာ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူဖြစ်ကြောင်း၊ လူဆိုသည်မှာ အဟိတ်တိရိစ္ဆာန်များနဲ့ ကွာခြားသည့်အကြောင်း ၀ိသေသနဂုဏ်ပုဒ်တွေတန်းစီပြီး အစချီပြီးမှ အမိအဘပေါင်းဖက်လို့ လူရယ်လို့မွေးလာဖြစ်လာရတဲ့အကြောင်း ရောက်တဲ့ စာရေးနုည်းဟာ သိုင်းသိုင်းဝိုင်းဝိုင်းဖြစ်အောင်ရေးတာ မှန်သော်ငြားလည်း အရေးအသားညံ့ဖျင်းတဲ့ ရေးနည်းပါ။

နောက်ထပ် ဥပမာပြောရရင် ဥပုဒ်နေ့တိုင်း ကျနော်တို့ကြားနေကြရတဲ့ ဆုတောင်းစာ ဆုတောင်းစကားမျိုး ဆိိုပါတော့။ အရပ်လေးမျက်နှာမှာနေထိုင်ကြသူအားလုံး လို့ဆိုရင် လုံလောက်ပေမယ့် အရှေ့တည်းဟူသောအရပ်မှာ နေထိုင်ကြသူများ၊ အနောက်တည်းဟူသောအရပ်မှာနေထိုင်ကြသူများ၊ တောင်အရပ်တည်းဟူသောအရပ်မှာနေထိုင်ကြသူများ၊ မြောက်အရပ်တည်းဟူသောအရပ်မှာနေထိုင်ကြသူများဆိုပြီး သိုင်းကာဝိုင်းကာပြောပုံမျိုး၊ ခုနှစ်ရက်သားသမီးအားလုံးလို့ပြောရင် လုံလောက်ရဲ့သားနဲ့ တနင်္ဂနွေဂြိုလ်မင်းရှေ့မှောက် လူလားမြောက်ကြရသူအားလုံးအစချီကါ စနေနေ့ရောက်တဲ့အထိ သည်လိုပဲထပ်ကာထပ်ကာ ထပ်ကျော့ပြော ပြောနည်းဟာလည်း သိုင်းကာဝိုင်းကာပြောနည်း ဟုတ်ပါရဲ့လား။

သည်နေရာမှာ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရဲ့ ဖွင့်ဆိုရှင်းလင်းချက်ကိုဖတ်ကြည့်စေချင်ပါ။

“စကားပိုစကားထပ်မပါသော ၀ါကျသည် တင်းတင်းရင်းရင်း ဖွဲ့နှောင်ထားသော ကြိုး နှင့်တူပါသည်။ စကားပို စကားထပ်များပါသော ၀ါကျများမှာမူ မလိုအပ်သောအမှိုက်သရိုက်များ ထည့်ချည်ထားသည့်အတွက် အဖုအထစ်များနေသော ကြိုး နှင်တူပါသည်။ စင်စစ် ၀ါကျများထဲတွင် စကားပိုစကားထပ် မပါအောင် ရေးရခြင်းမှာမလွယ်ပါ။ အချိန်ယူ၍ ချိန်ဆရွေးချယ်နေရသောကြောင့် ဖြစ်သည်။ စကားပိုစကားထပ် ပါလိုလျင်မှု ခေါင်းထဲအလိုက်သင့်ဝင်လာသော စကားများကို အတွဲလိုက်အလွယ်တကူ ရေးချလိုက်ရု့ံသာဖြစ်သည်။ သို့ဖြင့် ၀ါကျတစ်ခုကိုလေ့လာရာတွင် စကားပိုစကားထပ် ပါမပါ၊ ပါလျင်လည်း မည်မျှပါသည်ဟူသော မှတ်ကျောက်တို့ဖြင့်လည်း ချိန်ထိုးလေ့လာနိုင်ပါသည်။”

ကဲ ဒီနေ့တော့ ၀ါကျမှာရှိတဲ့အင်္ဂါရပ်အသစ်တစ်ခုကို ထပ်ပြီးပြောချင်ပါသေးတယ်။ အဲဒါကတော့ ၀ါကျတိုင်းမှာ အသံရှိတယ်ဆိုတဲ့အချက်ပါပဲ။

ဒီနေရာမှာ ၀ါကျရဲ့အသံဆိုတာကို ဆက်မပြောခင် ဗဟုသုတအလို့ငှါ စာပေနယ်ပယ်ထဲကမဟုတ်တဲ့ အကြောင်းအရာတစ်ခု မိတ်ဆက်ပေးလိုက်ချင်ပါတယ်။

အရာဝတ္ထုတိုင်းမှာ အသံရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အသက်ရှိတဲ့သတ္တဝါကော သက်မဲ့အရာတွေကော သူ့အတိုင်းအတာနဲ့သူ အသံထွက်လေ့ရှိပါတယ်။ တချို့အရာတွေရဲ့အသံက လူသားတွေနားနဲ့မကြားနိုင်လောက်အောင် တိုးလွန်တိမ်လွန်းလို့ သူတို့ဆီက အသံမထွက်ဘူးလို့ အထင်ခံကြရတာပါတဲ့။

ဒါနဲ့ပတ်သက်ပြီး ကျနော်ငယ်စဉ််က ကြည့်ဖူးတဲ့ ရုရှ သုတေသနရုပ်ရှင် ကားတိုလေး ပြန်သတိရပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ သစ်ပင်တွေဆီက ထွက်လာလေ့ရှိတဲ့အသံလှိုင်းတွေကို သုတေသန လုပ်ထားတာပါ။ သစ်ပင်တိုင်းဟာ အသံကိုယ်စီ ထွက်လာလေ့ရှိတယ်ဆိုတာကို သုတေသီတွေက အဲဒီသစ်ပင်တွေဆီက ထွက်နေတဲ့ ရေဒီယိုဓါတ်ကြွလှိုင်းတွေကတဆင့် သိကြရတာပါ။ ရာသီဥတု ဆိုးဝါးလာတော့မယ် မိုးရွာတော့မယ် မြေငလျင်လှုပ်တော့မယ်ဆိုရင် သစ်ပင်တွေဆီက အသံတွေ ပိုထွက်လာလေ့ရှိတယ်တဲ့။ နည်းနည်းဆန်းကြယ်တာက သစ်ပင်တွေဟာ တစ်ပင်နဲ့တစ်ပင် စကားပြောကြတယ်လို့တောင်မှ အဲဒီသုတေသီတွေက ယုံကြည်ကြလို့ပါပဲ။ နေ့နဲ့ည ရာသီတစ်ခုနဲ့တစ် မတူရင်လည်း သစ်ပင်တွေဟာ အသံပြောင်းသွားလေ့ရှိတယ်လို့ဆိုပါတယ်။

ကဲဒါတော့ ဗဟုသုတအလို့ငှာ ကြားဖြတ်ပြီးပြောပြလိုက်တာပါ။

အခုလည်း ၀ါကျတွေမှာ အသံရှိတယ်လို့ ဆိုပါတယ်။ မယုံရင် မတူတဲ့ဝါ်ကျတွေကို အသံထွက်ပြီးဖတ်ကြည့်ရင် သိနိုင်တယ်လို့လည်း ပြောပါတယ်။ ဥပမာ ဒေါသထွက်လို့ရေးပြောတဲ့ဝါကျနဲ့ ပျော်လို့ရေးပြောတဲ့ဝါကျ အဲဒီဝါကျနှစ်ကြောင်းကို နှိုင်းယှဉ်ပြီး အသံထွက်ဖတ်ကြည့်ပါ။ ထွက်လာတဲ့အသံနှစ်ခု အသံအနိမ့်အမြင့် အတက်အကျ မတူကြတာ သွားတွေ့ရပါလိမ့်မယ်။ ဒါက ဘာကိုသက်သေပြသလဲဆိုတော့ ၀ါကျတွေမှာ အသံရှိတယ်ဆိုတဲ့အချက်ပါပဲ။

ကဲ ဒီကနေ့လည်း ဒီမှာတွင် ခေတ္တရပ်နားကြရအောင်

နောက်နေ့တွေကြမှ ၀ါကျတွေရဲ့အသံအကြောင်း ဆက်ကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly