တနင်္သာရီ -ဘုတ်ပြင်းလမ်းထမင်းဆိုင်များတွင် တောကောင်သားများရောင်းချနေ၍ အရေးယူရန်လိုအပ်

တနင်္သာရီ -ဘုတ်ပြင်းလမ်းထမင်းဆိုင်များတွင် တောကောင်သားများရောင်းချနေ၍ အရေးယူရန်လိုအပ်
မြိတ်ကျွန်းစုမြင်ကွင်းတစ်ခု

မြိတ်၊ အောက်တိုဘာ ၁၇ ။             ။ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အကြားရှိ တနင်္သာရီ- ဘုတ်ပြင်း လမ်းပိုင်တွင် ဖွင့်လှစ်ထားသည့် ထမင်းဆိုင်များတွင် တရားမဝင် တောကောင်သားများကို ချက်ပြုတ်ရောင်းချနေခြင်းများ ရှိနေ၍ အရေးယူတားမြစ်ပေးရန် လိုအပ်ကြောင်း ဒေသအခြေပြု လေညာအမျိုးသားဥယျာဉ် ထိန်းသိမ်းသူများထံမှ သိရသည်။

တောကောင်သားများကို အမဲလိုက်ဖမ်းဆီးခြင်း၊ တရားမဝင် ရောင်းဝယ်ပြုလုပ်ခြင်း၊ တစ်ဖက်နိုင်ငံသို့ ခိုးထုတ်ခြင်းနှင့် ထမင်းဆိုင်များ၌ ချက်ပြုတ်ရောင်းချခြင်း မပြုရန် သစ်တောဦးစီးဌာနမှ တားမြစ်ထားသော်လည်း ဒေသခံအချို့က လိုက်နာခြင်းမရှိသည့်အပြင် ဆက်လက်ရောင်းချနေခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းက“ ကျွန်တော် ရုံးကိစ္စနဲ့ ပြည်ကြီးမဏ္ဍိုင်ကနေပြီး ကော့သောင်းတို့ မြိတ်တို့ကို သွားတဲ့အခါတိုင်းမှာ လမ်းပေါ်မှာရှိတဲ့ ထမင်းဆိုင်တွေမှာ သစ်တောက ဆိုင်းဘုတ် တွေ ကပ်ထားပေမယ့် တောကောင်သားတွေကိုတော့ ရောင်းမြဲ ရောင်းချနေကို တွေ့ရပါတယ်”ဟု ဆိုသည်။

ထမင်းဆိုင်များတွင် အများစု ရောင်းချနေသည့် တောကောင်သားများမှာ ဂျီ၊ ဆတ်သား၊ တောဝက်၊ မျောက်၊ တောကြောင်သားနှင့် သင်းခွေချပ်သားတို့ကို သတ်ဖြတ်ရောင်းချနေကြောင်း မြိတ်- ကော့သောင်းသို့ ပြေးဆွဲ နေသည့် ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

နိုင်ငံတော် သစ်တောဦးစီးဌာနမှ ချမှတ်ထားသည့် ဥပဒေကို ပြည်သူများ တိတိကျကျလိုက်နာရန် လိုအပ် နေပြီး၊ ပြည်သူများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဌာနမှအသိပေးရန်လိုနေသေးကြောင်း ဒေသအခြေပြု လေညာအမျိုးသားဥယျာဉ်ထိန်းသိမ်းသူများက ပြောဆိုသည်။

သာမန်ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များအတွက် ဥပဒေပုဒ်မ ၄၀ (က) အရ ဒဏ်ငွေ ၃ သိန်းမှ ၁၀ သိန်းအထိ (သို့မဟုတ်) ၅ နှစ်ထက် မပိုသော ထောင််ဒဏ်များ ရှိပြီး၊ လုံးဝ ကာကွယ်ထားသော တောရိစ္ဆာန် များအတွက် ၄၁ (က) အရ ၃ နှစ်မှ ၁၀ နှစ် အထိအပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း သိရ သည်။

 

Mizzima Weekly