YBS ပေါ်မှ ခါးပိုက်နှိုက်များကို ရဲက အသွင်ယူပြီး ဖမ်းဆီးနေ

By မျိုးထွန်းနိုင်
17 October 2018
YBS ပေါ်မှ ခါးပိုက်နှိုက်များကို ရဲက အသွင်ယူပြီး ဖမ်းဆီးနေ
ဓာတ်ပုံ - Yangon Police

ရန်ကုန်၊ အောက်တိုဘာ ၁၇ ။              ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS များပေါ်တွင် ခါးပိုက်နှုက်မှု ကျူးလွန်သော သဲသယရှိသူများကို ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့၏အစီအမံဖြင့်ရဲဝန်ထမ်းများက ခရီးသည်အသွင်ယူကာ ဖော်ထုတ်ဖမ်းဆီး နေပြီဖြစ် ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခိုး၊ ဆိုး ၊လု ၊ နှိုက်မှုကျူးလွန်တတ်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချ သူများ၊ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ အုပ်စုဖွဲ့ကျူးလွန်သူလူဆိုးလူမိုက်များ၊ပြေး(၄)ပြေးများကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၏အစီအမံဖြင့် ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီး YBS ခရီးသည် တင်ယာဉ်လိုင်းများပေါ်တွင်လည်း ရဲတပ်ဖွဲ့ဝင် များက ခရီးသည်အသွင်ဖြင့် လိုက်ပါစီးနင်း၍ ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်းရန်ကုန်ရဲတပ်ဖွဲ့က ဆိုထားသည်။

ထိုသို့ အသွင်ယူဆောင်ရွက်ရာတွင် အောက်တိုဘာလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် လမ်း(၃၀)ထောင့်ရှိ ကားမှတ်တိုင် YBS ယာဉ်လိုင်းအမှတ် (၅၆) ယာဉ်ပေါ်မှ ဆင်းလာသည့် မသင်္ကာသူ သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ၊ (က)ရပ်ကွက်၊ အာသာဝတီလမ်းနေ ခင်မောင် (ခ)စလင်း(ခ) မိုးဇက်၊(၅၄)နှစ်နှင့် ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ လမ်း၄၀ (အောက်)နေသူတို့အား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးရာ ခင်မောင်(ခ)စလင်း(ခ)မိုးဇက် လွယ်ထားသည့် Laestat စာတန်းပါ အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ငွေကျပ် ၄၈၀၀၀ နှင့် ဇော်မင်းထွန်း(ခ)အီလီယက် လွယ်ထားသည့် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ငွေကျပ် ၅၇၀၀၀ တို့ကို ရှာဖွေတွေ့ရှိရသဖြင့် အဆိုပါငွေများနှင့် ပတ်သက်ပြီး စစ်မေးခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် YBS (၅၆)ယာဉ်အား လိုက်ပါစီးနင်းလာစဉ် နေ့လယ်( ၁၂)နာရီအချိန်၌ ပန်းဘဲတန်း မြို့နယ်၊ကုန်သည်လမ်း နှင့်လမ်း(၃၀)မှတ်တိုင်တွင် ယာဉ်ပေါ်ပါ အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦး လွယ်ထားသည့် စလင်းဘတ်အား ဇော်မင်းထွန်း(ခ)အီလီယက်မှ လူကာပေးပြီး ခင်မောင်(ခ)စလင်း(ခ) မိုးဇက်မှ ဇစ်ဖွင့်၍ ငွေကျပ် ၅၇၀၀၀ အားနှိုက်ကာ ၎င်းနှင့်အတူပါလာသူ ဇော်မင်းထွန်း(ခ)အီလီယက်ထံ အပ် ထားခဲ့ကြောင်း နေ့လယ်( ၁) နာရီအချိန်တွင်YBS (၅၆)ယာဉ်ပေါ်ပါ အသက် ၄ဝနှစ်ခန့်ရှိ အမျိုးသမီး တစ်ဦး လွယ်ထားသည့်စလင်းဘတ်အိတ်အား ဇော်မင်းထွန်း(ခ)အီလီယက်မှ လူကာပေးကာ ခင်မောင်(ခ) စလင်း(ခ) မိုဇက်မှ ဇစ်ဖွင့်၍ ငွေကျပ် ၄၈၀၀၀ အား အသီးသီးနှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးဖော်ထုတ်မှုများအရ ခင်မောင်(ခ)စလင်း(ခ)မိုးဇက် နှင့်ဇော်မင်းထွန်း(ခ)အီလီယက်တို့ ၂ဦးအား ပန်းဘဲတန်း မြို့မရဲစခန်းတွင် အမှုရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှစ်ဦးကို အခြား ခါးပိုက်နှိုက်မှုများ ကျူးလွန်ထားခြင်း ရှိ မရှိအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 

Mizzima Weekly