၂၀၁၈ Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲကို မြန်မာမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၀၁၈ Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲကို မြန်မာမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာလ ၁၇ ။          ။ ၂၀၁၈ ခုနှစ် Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကစားသမားများ လာရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ငွေဆောင်ကမ်းခြေတွင် ကျင်းပသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဦးစီး၍ အဆိုပါ နိုင်ငံတကာ သက်ငယ်တန်း ရွက်လှေပြိုင်ပွဲကို Ngwe Saung Yacht Club & Resort တွင် လာမည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အသက် ၁၅ နှစ်အောက် လူငယ်များအတွက်အသုံးပြုသည့် တစ်ဦးတည်း စီးနင်းရသည့် ရွက်လှေ ငယ်များဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အာရှ၊ ပစိဖိတ်သမုဒ္ဒရာဒေသနှင့် မြောက်အမေရိကတစ်ဝိုက်မှ လူငယ် ရွက်လှေအားကစားသမားများက လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“ဒီလို အစဉ်အလာကြီးမားတဲ့ နိုင်ငံတကာ ရွက်လှေပြိုင်ပွဲကို ကျင်းပခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်မိသလို နိုင်ငံတကာအားကစား ပြိုင်ပွဲကြီး တစ်ခုကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ ကျင်းပခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ အားကစားသမားလူငယ်တွေဟာ ကြိုးကြိုးစားစား လေ့ကျင့်နေတာကြောင့် သူတို့ဟာ နိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်မှာ သေချာပါတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၊ ဒုတိယဥက္ကဌ ဦးဖုန်းကျော်မိုးမြင့်က ဆိုသည်။

သြစတေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် အမေရိက အစရှိသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံတို့မှ လူငယ်ရွက်လှေ ကစားသမား ၁၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

OAOC ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရေးအတွက် အာဆီယံနှင့် ပစိဖိတ်သမုဒ္ဒရာဒေသ နိုင်ငံများသည် အိုလံပစ်အားကစားပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအများစုတို့ကဲ့သို့ပင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

ဦးဖုန်းကျော်မိုးမြင့်က ဆက်လက်၍ “ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပခွင့်ရဖို့အတွက် ၂၀၁၆ ခုနှစ်မှာ အိုမန်၊ ကိုရီးယား၊ ယူအေအီး နိုင်ငံတွေနဲ့ယှဉ်ပြိုင်ဖို့ ပေါ်တူဂီဂယ်လ် Optimist World Championship ပြိုင်ပွဲကြီးအထိ ကျွန်တော်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ မြန်မာကနိုင်ငံက လက်ခံ ကျင်းပခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်အနေနဲ့ ဒီအစဉ်အလာကြီးမားတဲ့ နိုင်ငံတကာ ရွက်လှေပြိုင်ပွဲ ပြင်ဆင်မှုတွေ လုပ်ခဲ့တာ ၂ နှစ်လောက်ရှိသွားပါပြီ။ အခုဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစင်မြင့်ပေါ် ပြန်တက်ရောက်ဖို့အတွက် အချိန်ကျပြီပဲဖြစ်ပါတယ်။” ဟု ပြောသည်။

မြန်မာအသင်း၌ ပါဝင်ယှဉ်ပြိုင်ကြမည့်သူများတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်ပြီး ပျမ်းမျှ အသက်မှာ (၁၂) နှစ်အရွယ်ရှိကြပြီး အသက်အငယ်ဆုံးအနေဖြင့် (၁၁) နှစ်အရွယ်ကစားသမားတစ်ဦး ပါဝင်ပါကာ  မြန်မာအသင်း၏နည်းပြအဖြစ် အာဂျင်တီးနားနိုင်ငံသား Mr. Juan Ignacio Mazzini က တာဝန်ယူထားသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ထိပ်တန်းရွက်လှေအားကစားသမား ၁၈ ဦးထဲမှ တစ်ဦး အပါအဝင် ဖြစ်သူ မောင်ထက်လင်းဇော်က “OAOC ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော်တို့ အဖွဲ့သားအားလုံးက ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အနိုင်ရဖို့အတွက် ကျွန်တော်တို့မှာ အရည်အချင်း အပြည့်အဝရှိတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော်တို့ အကောင်းဆုုံး ကြိုးစားသွားမှာပါ။” ဟု ပြောသည်။

မြန်မာ့ရွက်လှေအားကစားသမားများအနေဖြင့် လက်ရှိ ကမ္ဘာ့ချန်ပီယံ ဖြစ်သော ထိုင်းနိုင်ငံအပါအဝင် အခြား သော ထိပ်တန်းနိုင်ငံများနှင့်အတူ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

OAOC ဆိုသည်မှာ ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ်အောက်ရှိ ရွက်လှေပြိုင်ပွဲအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သော International Optimist Dinghy Association (IODA) က ဦးစီးပြုလုပ်သည့် နိုင်ငံတကာအသိအမှတ်ပြု ရွက်လှေ ပြိုင်ပွဲတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံရွက်လှေအသင်းချုပ်သို့ ပြိုင်ပွဲအတွကင် MPRL E&P Pte Ltd. နှင့် Bangkok Bank Ltd., တို့ အဓိကကူညီပံ့ပိုးကာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Toshiba ၊ Pocari Sweat ၊ Enervon-C နှင့် Trash Hero Myanmar တို့မှ ထောက်ပံ့ကူညီပေးထားကြကြောင်း သိရသည်။

 

Mizzima Weekly