မူးယစ်ဆေးဝါး အပြား ၁၀၀၀ ကျော် မုံရွာတွင် ဖမ်းဆီးရမိ

By မုံရွာ (CJ)
16 October 2018
မူးယစ်ဆေးဝါး အပြား ၁၀၀၀ ကျော် မုံရွာတွင် ဖမ်းဆီးရမိ

အောက်တိုဘာ ၁၆ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့၌ လင်မယား၂ ယောက် ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းမှုခင်းအကူဌာနစုမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ ချမ်းမြသာစည်ရပ်ကွက် မံကျည်းကုန်းလမ်းမပေါ်၌ စောင့်ဆိုင်းနေစဉ် ယင်းလင်မယား (၂)ယောက်ကို ရပ်တန့်ရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ပြီး အမျိုးသမီး၏   ဘေးလွယ်ပိုက်ဆံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ပြား စုစုပေါင်း (၁၀၀၃)ပြား ငွေကျပ်သိန်း ငါးဆယ် တစ်သောင်းခွဲ ဖိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့မှ လာရောက်ရောင်းချသည့် အမည်မသိအမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေး ပြားတစ်ထုပ်လျှင် တစ်သိန်းခွဲနှုန်းဖြင့် (၅)ထုပ်ဝယ်ယူခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများကို မုံရွာမြို့ လက်ဝယ်တွေ့ရှိသည့် လင်မယား (၂)ယောက်မှာ ဦးညီညီငယ် ထန်းတောရပ်ကွက် အောင်ရတနာနယ်မြေ မုံရွာမြို့နှင့် မဖြူ(ခ) လေပြေသင်း မံမော်ရပ်ကွက် ဟုမ္မလင်းမြို့ နေသူဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း မုံရွာမြို့၌ စိတ်ကြွရူးသွပ်ဆေး ဖမ်းဆီးရမိမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ (၂၅)ရက်နေ့အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် အမှုပေါင်း (၁၂၀၀) ကျော်ရှိပြီး ဖမ်းဆီးရမိအမှုများအနက် ကျပ်သိန်း(၁၀၀၀)နှင့်အထက် (၁၁)မှု၊ ကျပ်သိန်း(၅၀၀)နှင့်အထက် (၁၁)မှု၊ ကျပ်သိန်း (၁၀၀)နှင့်အထက် (၄၆)မှု၊ စုစုပေါင်း(၆၈)မှု ရှိကြောင်း သိရသည်။

 

 

Mizzima Weekly